Home
မြန်မာသတင်း
လှိုင်မြို့နယ် တပ်ထိန်းမှုခင်းဖော်ထုတ်ရေး အကူတပ်အဝင်ဂိတ်တွင် ဗုံးတွေ့
DVB
·
October 30, 2023
bomb_30102023

လှိုင်မြို့နယ် ၁၅ ရပ်ကွက် ပါရမီလမ်းမပေါ်ရှိ တပ်ထိန်းမှုခင်းဖော်ထုတ်ရေး အကူတပ် အဝင်ဂိတ်မှာ ဒီနေ့ မနက် ၇ နာရီက လက်လုပ်ဗုံးနှစ်လုံးတွေ့ပြီး စစ်တပ်က ဖောက်ခွဲဖျက်ဆီးလိုက်တယ်လို့ ရပ်ကွက်နေသူတွေက ပြောပါတယ်။

နိုင်ငံရေးသမားတွေကို လေ့လာစောင့်ကြည့်နေတဲ့ တပ်ထိန်းမှုခင်းဖော်ထုတ်ရေး အကူတပ် အဝင်ဂိတ်မှာ မပေါက်ကွဲသေးတဲ့ လက်လုပ်ဗုံးနှစ်လုံးတွေ့ပြီး စစ်တပ်က ယူသွားတာလို့ ရပ်ကွက်နေသူတဦးက ဒီဗွီဘီကို ပြောပါတယ်။

"ဗဟိုလမ်းနဲ့ ဘုရင့်နောင့်လမ်းကြားမှာတွေ့တာ၊ တပ်ထိန်းရုံးရဲ့အဝင်မှာ တွေ့တာ၊ စစ်တပ်က ဖျက်ဆီးဖို့ယူသွားတယ်။ မနက်က ပါရမီလမ်းမှာ အတော်လေးစစ်တာ။"

လှိုင်မြို့နယ် တပ်ထိန်းမှုခင်းဖော်ထုတ်ရေး အကူတပ်အဝင်မှာ မပေါက်သေးတဲ့ လက်လုပ်ဗုံးတွေ့ပြီးနောက် လုံခြုံရေးတာဝန်ယူထားသူတွေကို ဗဟိုတပ်ထိန်းရုံးချုပ်က ခေါ်ယူသတိပေးနေတယ်လို့ အုပ်ချုပ်ရေးနဲ့နီးစပ်သူတဦးက ဒီဗွီဘီကို ပြောပါတယ်။

"ဗုံးတွေ့တဲ့ရုံးက အကူတပ်ဆိုပေမဲ့ အခုကာလမှာ မြို့ထဲက နိုင်ငံရေးသမားတွေကို စောင့်ကြည့်တဲ့ရုံး ဖြစ်နေတာ။ ဂျီဝမ်းက မင်းတို့ကုဋေဖြိုးအောင် နောက်လိုက်ရမယ်ဆိုပြီး ဆဲနေတယ်။" 

တပ်ထိန်းရုံးချုပ်ဟာ အရင်က စစ်ကောင်စီတပ်သားတွေကို ထိန်းသိမ်းစောင့်ကြည့်ရပေမဲ့ အာဏာသိမ်းပြီးနောက် ရန်ကုန်အတိုင်းအတွင်းရှိ နိုင်ငံရေးသမားတွေကို လေ့လာစောင့်ကြည့်တဲ့ရုံး ဖြစ်လာတာပါ။

ရန်ကုန်မှာ နိုင်ငံရေးသမားတွေကို လေ့လာစောင့်ကြည့်တဲ့ မှုခင်းတပ်ထိန်းရုံးချုပ်ကို ဝါယာလက်မှာထားရှိပြီး လှိုင်မြို့နယ်မှာ အကူတပ်၊ မင်္ဂလာဒုံမှာ အမှတ် ၁ တပ်ထိန်းတပ်ခွဲနဲ့ အမှတ် ၂ နဲ့ ၃ ကို စစ်ဌာနချုပ်ရှိရာ မရမ်းကုန်းမြို့နယ်မှာ ထားရှိပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် ဧပြီ ၁၀ ရက်က လမ်းမတော်မြို့နယ်မှာ ပစ်ခတ်ခံရလို့ သေဆုံးသွားတဲ့ ဗိုလ်မှူးကုဋေဖြိုးအောင်မှာ တပ်ထိန်းမှုခင်းဖော်ထုတ်ရေး အကူတပ်မှာ တာဝန်ထမ်းဆောင်ခဲ့သူတဦးဖြစ်ပါတယ်။ 

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024