ချင်းပြည်နယ်၊ မတူပီ-ဟားခါးလမ်းပိုင်းမှာ စစ်ကောင်စီ စစ်ကြောင်း တိုက်ခိုက်ခံရပြီး ၂ ယောက် သေဆုံးခဲ့သလို မကွေးတိုင်း၊ ဆိပ်ဖြူမြို့နယ်၊ ကျွန်းချောင်းကျေးရွာက နေအိမ် ၂၀ လောက်ကို စစ်ကောင်စီစစ်ကြောင်းက မီးရှို့ခဲ့ပါတယ်။
ချင်းပြည်နယ်၊ မတူပီ ခရိုင်ရုံးမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ကို တာဝန်လာချိန်းတယ်လို့ ယူဆရတဲ့ စစ်ကြောင်းဟာ မတူပီ-ဟားခါးလမ်းပိုင်းကို စစ်ကြောင်းထိုးလာတာကြောင့် ချင်းပြည်ကာကွယ်ရေးတပ်-မတူပီက အောက်တိုဘာ ၂၈ ရက် ညနေမှာ တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ ယောက် သေဆုံးသွားခဲ့ပါတယ်။
“သူတို့ဘက်က သေတာက ကျနော်တို့ရှေ့မှာ သေသွားတဲ့ အလောင်းကိုပဲ အတည်ပြုပါတယ်။ ခလရ ၁၄၀ ကနေ ခရိုင်ရုံးကို အဓိက လာတပ်ချိန်းတာလားတော့ မသိဘူး။ အင်အား ၇၀၊ ၈၀ လောက်နဲ့လာတာပါ။ ခရိုင်ရုံးကို တပ်ချိန်းတာလည်း ဖြစ်နိုင်ပေမဲ့ ဟားခါးလမ်းပိုင်းကို စစ်ကြောင်းထိုးတာလည်း ဖြစ်နိုင်တယ်ဗျ။ ကျနော်တို့က တားပြီး ပစ်ခတ်ဆိုတော့ ၁၅ မိနစ်လောက်ပါပဲ။ သူတို့ဘက်ကတော့ ညနေ ၆ နာရီအထိ လက်နက်ကြီးတွေ ပစ်ခတ်ခဲ့ပါတယ်” လို့ ပြောပါတယ်။
တိုက်ပွဲဖြစ်ပွားပြီးနောက် CDF-မတူပီတပ်ဖွဲ့ဝင်တွေ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ပြီး စစ်ကောင်စီတပ်ဘက်က သေဆုံးခဲ့တဲ့ တပ်ဖွဲ့ဝင်တွေရဲ့ အချက်အလက်ကိုတော့ ဒီဗွီဘီအနေနဲ့ အတည်မပြုနိုင်သေးပါဘူး။
တိုက်ပွဲအတွင်းမှာ စစ်ကောင်စီတပ် တပ်စွဲထားတဲ့ ခရိုင်ရုံးနဲ့ ခလရ ၁၄၀ ကနေ လက်နက်ကြီးတွေ ဆက်တိုက် ရမ်းသန်းပစ်ခတ်ခဲ့ပေမဲ့ တောထဲတွေပဲ ကျရောက်ခဲ့တယ်လို့ CDF-မတူပီရဲ့ ပြောရေးဆိုခွင့်ရှိသူက ဆိုပါတယ်။
လက်ရှိမှာတော့ တိုက်ပွဲဖြစ်ပွားခဲ့တဲ့နေရာတဝိုက်မှာ စစ်ရေးငြိမ်သက်နေတယ်လို့သိရပြီး ပြီးခဲ့တဲ့ အောက်တိုဘာ ၆ ရက်ကလည်း မတူပီ-ဟားခါးလမ်းပိုင်းမှာ တိုက်ပွဲဖြစ်ခဲ့တာကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ ယောက် သေဆုံးခဲ့ပါသေးတယ်။
မကွေးတိုင်း၊ ဆိပ်ဖြူမြို့နယ်၊ ကျွန်းချောင်းကျေးရွာကို အောက်တိုဘာ ၂၈ ရက်နေ့ မနက်မှာ စစ်ကောင်စီစစ်ကြောင်းက မီးရှို့ဖျက်ဆီးခဲ့တာကြောင့် အိမ်ခြေ ၂၀ လောက် မီးလောင်ကျွမ်းခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
အောက်တိုဘာ ၂၈ ရက်နေ့ မနက် ၁၁ နာရီလောက်မှာ စစ်ကောင်စီဘက်က အင်အား ၁၀၀ ကျော်လောက်နဲ့ ကျွန်းချောင်းရွာကို စစ်ကြောင်းထိုးဝင်ရောက်ကာ ချက်ပြုတ် စားသောက်ခဲ့ပြီးနောက် နေအိမ်တွေကို မီးရှို့ဖျက်ဆီးခဲ့ကြတယ်လို့ ကျွန်းချောင်းကျေးရွာ ဒေသခံတယောက်က ပြောပါတယ်။
ရွာက ဒေသခံပြည်သူတွေ သက်ကြီးရွယ်အိုတွေကို ပခုက္ကူခရိုင် တပ်ရင်း ၁၉ ဆိပ်ဖြူဘာမထီ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ရဲဘော်တွေက ဘေးလွတ်ရာကို ကယ်ထုတ်ပေးခဲ့လို့ ပြည်သူတွေ ထိခိုက်မှု မရှိခဲ့ဘူးလို့ ဆိုပါတယ်။
လက်ရှိအချိန်မှာတော့ စစ်ကြောင်းပြန်ထွက်သွားပြီဖြစ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက နယ်မြေရှင်းလင်းရေးပြုလုပ်ပေးလို့ ဒေသခံပြည်သူတွေ ရွာထဲကို ပြန်ဝင်နေကြကြောင်း၊ မီးဘေးသင့်ပြည်သူတွေကတော့ စားဝတ်နေရေး အခက်ခဲတွေနဲ့ ကြုံတွေ့နေရပြီး အကူညီတွေလိုအပ်နေတယ်လို့ ပြောပါတယ်။