အီဂျစ်နိုင်ငံပိုင် ပင်လယ်နီ ဆိပ်ကမ်းမြို့နှစ်မြို့ကို မောင်းသူမဲ့လေယာဉ်တွေ အောက်တိုဘာ ၂၇ ရက် က ကျရောက်ခဲ့အပြီး အီဂျစ်နိုင်ငံရဲ့ အချုပ်အခြာအာဏာနဲ့ ဒေသတွင်းရပ်တည်ချက်ကို လေးစား လိုက်နာဖို့ အီဂျစ်သမ္မတ အဘ်ဒယ် ဖှာတာ အယ်လ်စီစီက အားလုံးကို အောက်တိုဘာ ၂၈ ရက်မှာ တိုက်တွန်းလိုက်ပါတယ်။
အီဂျစ်နိုင်ငံသားတွေက လုံခြုံတဲ့ ခံစားချက်ကို ရသင့်ပြီး စစ်တပ်ကလည်း နိုင်ငံကို ကာကွယ်နိုင်တယ် လို့ ကိုင်ရိုမြို့ မှာ ကျင်းပတဲ့ ကုန်ထုတ်လုပ်မှု ကုန်စည်ပြပွဲမှာ စီစီက ပြောပါတယ်။
အစ္စရေး-ဟားမတ်စ် ပဋိပက္ခကို ဖြေရှင်းရာ မှာ အီဂျစ်ဟာ အပြုသဘော ဆောင်တဲ့ အခန်းကဏ္ဍကနေ ဆက်ပါနေဦးမယ်လို့ သူက အလေးပေးပြောကြားပါတယ်။
အီဂျစ်ဟာ ဒေသတွင်းမှာ စစ်မီး ပြန့်လာတာကို မလိုလားဘူးလို့လည်း သူက ပြောပါတယ်။
ပင်လယ်နီဒေသမှာ လေကြောင်း ခြိမ်းခြောက်မှု တရပ်ကို တွေ့ခဲ့ပြီးနောက် အစ္စရေးတပ်ဖွဲ့က လေကြောင်းကနေ တိုက်ခိုက်နေတဲ့ ဗီဒီယိုတဖိုင်ကို အောက်တိုဘာ ၂၇ ရက် မှာ အစ္စရေး စစ်တပ်က ထုတ်ပြန်ခဲ့ပါတယ်။
အီရန်ကျောထောက်နောက်ခံပြုထားပြီး မောင်းသူမဲ့ လေယာဉ်တွေ သုံးတယ်လို့ လူသိများတဲ့ ယီမင်နိုင်ငံထဲက ဟူသီလှုပ်ရှားမှုကို ရည်ညွှန်းရင်း ပင်လယ်နီဒေသတွင်းက လေကြောင်း ခြိမ်းခြောက် မှုတွေရဲ့ လက်ချက်လို့ အစ္စရေးစစ်တပ်က အပြစ်တင်ခဲ့ပါတယ်။
ဗီဒီယို ရိုက်ကူးခဲ့တဲ့ တည်နေရာ နဲ့ ရက်စွဲကို သီးခြားအတည်မပြုနိုင် ပါဘူး။
“အမျိုးအစားမသိဒရုန်း” တစီး အစ္စရေးနယ်စပ်က အီဂျစ်နိုင်ငံ တာဘာမြို့မှာရှိတဲ့ ဆေးရုံနဲ့ ကပ်လျက် နေရာမှာ ပျက်ကျခဲ့လို့ လူခြောက်ဦး ဒဏ်ရာရခဲ့တယ်လို့ အီဂျစ်စစ်တပ် ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး ဂါရဘိ အဘ်ဒယ် ဟာဖီဇီက ပြောပါတယ်။
နယ်စပ်ကနေ ၄၃ မိုင် အကွာ နူဝေဘာ သဲကန္တာရဒေသထဲက လျှပ်စစ် ဓာတ်အားပေးစက်ရုံနားမှာ နောက်ထပ် ဒုံးကျည် တစင်း ကျရောက်ခဲ့တယ်လို့ အီဂျစ်လုံခြုံရေး သတင်းရင်းမြစ် နှစ်ခုက ရိုက်တာသတင်းဌာနကို ပြောပါတယ်။
အချက်အလက်တွေကို ဆက်လက်စုဆောင်းနေဆဲပါ။ ဒီဖြစ်ရပ်တွေကို ဘယ်သူကမှ တာဝန်မခံခဲ့ပါဘူး။
အီဂျစ်နိုင်ငံ ဆိုင်းနိုင်းကျွန်းဆွယ်က တာဘာနဲ့ နူဝေဘာဒေသတွေဟာ ကမ္ဘာလှည့် ခရီးသည်တွေ ကြားမှာ ရေပန်းစား ပါတယ်။
ပေါက်ကွဲသံတွေ ကြားရပြီး မီးခိုးတွေ တက်လာတဲ့အပြင် အီဂျစ် စစ်လေယာဉ်တွေ ခေါင်းပေါ်မှာ ပျံတက်နေတာကို အမည်မဖော်လိုသူ မျက်မြင် သက်သေတွေက အတည်ပြုခဲ့ပါတယ်။
Source/Photo-Reuters