မှော်ဘီလေတပ်မှာ သြဂုတ် ၂ ရက် မနက်က စစ်ကောင်စီလေတပ်က လေ့ကျင့်ရေးလေယာဥ် ပျံသန်းဖို့ ကွင်းမှအတက် ပျက်ကျပြီး ဗိုလ်ချုပ်တဦးနဲ့ ဗိုလ်မှူးကြီးတဦး သေဆုံးကာ နောက်ထပ် ၂ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ တိုင်းစစ်ဌာနချုပ်နဲ့ နီးစပ်သူတွေဆီက သိရပါတယ်။
တောင်ပိုင်းတိုင်းစစ်ဌာနချုပ်မှ တောင်ပိုင်းတိုင်း လေတပ်ကွပ်ကဲရေးမှူးချုပ် ဗိုလ်ချုပ်စိုးတင်လတ်၊ ဗိုလ်မှူးကြီးမြသောင်းနဲ့ ဗိုလ်မှူး ၂ ဦး ယူရိုကော့ပတာ ရဟတ်ယာဥ်နဲ့ လေကျင့်ပျံသန်းနေစဥ် ပျက်ကျခဲ့တာဖြစ်တယ်လို့ တိုင်းစစ်ဌာနချုပ်နဲ့ နီးစပ်သူတဦးက ပြောပါတယ်။
“ဒီနေ့မနက်မှာ ဖြစ်တာ။ ဗိုလ်ချုပ်စိုးတင်လတ် သေတယ်။ ဗိုလ်မှူးကြီးမြသောင်း သေတယ်။ အမျိုးသမီး လေယာဥ်မှူးနဲ့ တပ်ကြပ်ကြီးတဦး ဒဏ်ရာရတယ်။”
လတ်တလောမှာ သေဆုံးသူနဲ့ ဒဏ်ရာရသူတွေကို မင်္ဂလာဒုံစစ်ဆေးရုံကို ပို့ထားပြီး မှော်ဘီလေတပ်စခန်းမှာ စစ်ဆေးနေတယ်လို့ မှော်ဘီလေတပ်နဲ့ နီးစပ်သူတွေဆီက သိရပါတယ်။
လေယာဥ်ပျက်ကျတဲ့ ဖြစ်စဥ်နဲ့ ပတ်သက်လို့တော့ စစ်ကောင်စီဘက်က သတင်းထုတ်ပြန်ခြင်း မရှိသေးပါဘူး။