ပဲခူးတိုင်းအနောက်ခြမ်း၊ ပေါင်းတည်မြို့နယ် အထွေထွေအုပ်ချုပ်ရေးရုံးမှာ စစ်ကောင်စီ တပ်ဖွဲ့ဝင် ဒုတပ်ကြပ် ၁ ယောက် သေနတ်နဲ့ ကိုယ့်ကိုယ်ကိုယ် ပစ်ပြီး သတ်သေခဲ့တယ်လို့ အုပ်ချုပ်ရေးပိုင်းနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။
အောက်တိုဘာ ၂၈ ရက်နေ့ မနက်အစောပိုင်း ၃ နာရီ အချိန်မှာ ထွေအုပ်ရုံး အနောက်ဘက်က အိပ်ဆောင်ထဲမှာ ပစ္စတိုသေနတ်ပြောင်းဝကို ပါးစပ်ထည့်ပြီး ပစ်ခတ် အဆုံးစီရင်ခဲ့တာလို့ ဆိုပါတယ်
မြို့နယ်အုပ်ချုပ်ရေး ဝန်ထမ်းတယောက်က “ရုံးမှာ လုံခြုံရေးတာဝန်ကျနေတဲ့ကောင်တွေက အရက်ကြောင်တွေများတယ်။ ဒီဘဲ အရင်လက တပ်ရင်းကိုပြန်ဖို့ အထက်လူကြီးကို ပြောထားတာ အဆင်မပြေဘူးလို့ ပြောသံကြားတယ်။ အခုရက်ထဲမှာ ရှေ့တန်း ထွက်ရဖို့မှာလည်း သူပါနေတော့ မူးပြီးလုပ်တာဖြစ်မယ်” လို့ ပြောပါတယ်။
ကိုယ့်ကိုကိုယ် သေနတ်နဲ့ပစ်ပြီး သေဆုံးခဲ့သူဟာ ပန်းတောင်းမြို့နယ်၊ ဆင်တဲ အမှတ် ၃ ကာကွယ်ရေးပစ္စည်း (ကပစ)စက်ရုံက ဒုတပ်ကြပ်ဖြစ်ပြီး ပေါင်းတည်ထွေအုပ်ရုံးမှာ လုံခြုံရေးတာဝန်ယူထားရသူ ဖြစ်တယ်လို့ သိရပါတယ်
သေဆုံးရုပ်အလောင်းကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ပြည်မြို့ ကုတင် ၁၀၀ စစ်ဆေးရုံကို စစ်ကားနဲ့ သယ်ဆောင်သွားတယ်လို့လည်း သိရပါတယ်
ပဲခူးတိုင်းအနောက်ခြမ်းက စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ တာဝန်ချိန်မှာပဲ အရက်သေစာ သောက်စားမူးယစ်နေသလို ရှေ့တန်တာဝန်ကျရင်လည်း အထက်အရာရှိတွေကို ငွေကြေးပေးပြီး ကျန်းမာရေးအကြောင်းပြ လုံခြုံရေးတာဝန်တွေကိုယူတာမျိုးတွေရှိတယ်လို့ နီးစပ်သူတွေက ပြောပါတယ်။
၂၀၂၂ ခုနှစ်၊ အောက်တိုဘာ ၅ ရက်နေ့ကလည်း ပေါင်းတည်မြို့ မှတ်တိုင်ရဲစခန်းက ရဲတပ်ကြပ် ၁ ယောက် မိမိကိုယ်ကို သေနတ်နဲ့ပစ်ပြီး သတ်သေခဲ့ပါတယ်။
Photo Cj