Home
မြန်မာသတင်း
ဂျင်ဝိုင်းနှင့် ကြက်ပွဲများမှ  ကျပ်သိန်းထောင်ချီ လိုင်းကြေးရ
DVB
·
October 29, 2023

ပဲခူးတိုင်းအတွင်းရှိ  ရွှေကျင်၊ ပေါင်းတည်၊ သဲကုန်း၊ သနပ္ပင်နဲ့ ပန်းတောင်းမြို့နယ်တွေမှာ တောင်ပိုင်းတိုင်းစစ်ဌာနချုပ် ရန်ပုံငွေအတွက်ဆိုပြီး ဂျင်ဝိုင်းနဲ့ ကြက်ပွဲတွေ ပြုလုပ်နေတာမှာ တိုင်းစစ်ဌာနချုပ်နဲ့ တိုင်းရဲတပ်ဖွဲ့မှူးတွေထံကို  လစဥ်လိုင်းကြေး ကျပ် သိန်းထောင်ချီ ပေးနေရတယ်လို့  အုပ်ချုပ်ရေးနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။

ရွှေကျင်မြို့နယ် ညောင်ဝိုင်းတရုတ်တန်းရပ်ကွက်မှာ အမှတ် ၅၉၈ ခြေမြန်တပ်ရင်း တပ်ရင်းမှူး အကူအညီနဲ့ တောင်ပိုင်းတိုင်းစစ်ဌာနချုပ် ရန်ပုံငွေဆိုပြီး  ဂျင်ဝိုင်း၊ ဖဲဝိုင်းနဲ့ ကြက်ပွဲတွေကို တစ်ရက် လိုင်းကြေး ကျပ် သိန်း ၃၀ ပေးကာ ပြုလုပ်နေတယ်လို့ မြို့ခံတဦးက ဒီဗွီဘီ ကိုပြောပါတယ်။

"ရွှေကျင်မြို့နယ် စီမံဥက္ကဋ္ဌရယ်၊ ၅၉၈ က တပ်ရင်းမှူးရယ်၊ မြို့နယ်ရဲမှူးရယ် ပူးပေါင်းပြီး တပခ ရန်ပုံငွေဆိုပြီး လုပ်တာ။ တိုင်းမှူးနာမည်ပါနေတော့ ကျန်တဲ့အဖွဲ့အစည်းတွေက မထိရဲဘူး။ တစ်ရက်ကို သိန်း ၃၀ လောက် လိုင်းကြေးရတယ်။ တလလုံးဆို သိန်းတထောင်နီးပါး ပေးရတယ်။”

သဲကုန်းမြို့နယ် ဖောင်းကားတောရွာမှာလည်း  လောင်းကစားပွဲဦးဆောင်သူတွေက  အင်းမတပ်နယ်မှူးနဲ့ သံကုန်းမြို့နယ်ရဲတပ်ဖွဲ့မှူးတို့ကို လိုင်းကြေးပေးကာ အပတ်စဥ် အင်္ဂါနေ့တိုင်း ကြက်ဝိုင်းနဲ့ ဂျင်ဝိုင်းအပြင် စိတ်ဆေးပြားတွေကိုပါ အကန့်အသတ်မရှိ ရောင်းချနေတယ်လို့ ရင်းတိုက်မှော် ကျေးရွာနေသူတဦးက ဒီဗွီဘီကို ပြောပါတယ်။

"စစ်တပ်က နိုင်ငံရေးမလုပ်ရင်ပြီးရော မူးယစ်ဆေးလည်းလို သလောက်ရတယ်။ လောင်းကစားဝိုင်းမှာ ရှုံးရင်ရွာတွေမှာ လုယက်မှုတွေ ခိုးမှုတွေဖြစ်ရော တစ်ရက်ကို လိုင်ကြေး သိန်းချီရတော့ မသိချင်ဟန်ဆောင်ပေးထားတယ် တိုင်လည်း မဖမ်းဘူး။”

အလားတူပင် သနပ်ပင်၊ ပေါင်းတည်နဲ့ ပန်းတောင်းမြို့က ကျေးရွာတချို့မှာလည်း တောင်ပိုင်းတိုင်းစစ်ဌာနချုပ် ရန်ပုံငွေလောင်းကစားဝိုင်းတွေရှိပြီး  နေ့စဥ် လောင်းကစားဝိုင်တွေရှိကာ လိုင်းကြေးတစ်ရက်လျှင်  ကျပ် သိန်း ၂၀ မှ  သိန်း ၃၀၊ တစ်လလျှင် သိန်း ၆၀၀ မှ  သိန်း ၉၀၀ နီးပါးပေးရရှိတယ်လို့  ကြက်သမားတဦးက ဒီဗွီဘီကို ပြောပါတယ်။

"ကြက်ပွဲတပွဲဖြစ်ဖို့ မလွယ်တဲ့အချိန်မှာ လုပ်ရတော့ ပွဲစီစဥ်သူတွေက ငွေကိုမနှမြောဘူး တချို့ဆို တိုင်းအထိလိုင်းဝင်ထားတာ မြို့နယ်အဆင့်လောက်နဲ့ စကားမပြောဘူး။ ပွဲတစ်ပွဲဖြစ်ပြီဆို လောင်းကြေးက သိန်းရာချီတယ်။”

တောင်ပိုင်းတိုင်းစစ်ဌာနချုပ်အနေနဲ့ ပဲခူးတိုင်းအတွင်းရှိ တပ်နယ်တွေမှာ လောင်းကစားဝိုင်းတွေနဲ့ မူးယစ်ဆေးဝါးကိစ္စတွေ သိရှိပေမဲ့ လစဥ်သိန်းထောင်ချီ  လိုင်းကြေးရနေလို့ ဖမ်းဆီးဖို့ တိုင်းရဲတပ်ဖွဲ့ကို အမိန့်ပေးစေခိုင်းတာ မရှိဘူးလို့ အုပ်ချုပ်ရေးနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။

ပဲခူးတိုင်းမှာ နိုင်ငံရေးလှုပ်ရှားမှုတွေ မရှိစေဖို့နဲ့ လူငယ်တွေ မူးယစ်ဆေးဝါးစွဲပြီး နိုင်ငံရေးမှာ ပါဝင်လာခြင်းမရှိအောင်လုပ်ဆောင်နေတဲ့ စစ်တိုင်းမှူးသစ်ရဲ့  ဗျူဟာတခုလည်းဖြစ်တယ်လို့  ဝေဖန် ပြောဆိုသူတွေ ရှိပါတယ်။ 

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013