နေပြည်တော်အတွင်းရှိ ခြေမြန်တပ်ရင်းတွေဖြစ်တဲ့ ခမရ ၃၀၂၊ ခမရ ၄၁၃၊ ခမရ ၄၁၄ နဲ့ ခမရ ၆၀၄ တို့ကို တိုက်ပွဲတွေ အချိန်မရွေးဖြစ်လာနိုင်တဲ့အတွက် တိုက်စစ်ကြိုပြင်ထားဖို့ ကက(ကြည်း)က သတိပေးထားတယ်လို့ စစ်ဘက်နဲ့နီးစပ်သူတွေဆီက သိရပါတယ်။
အမှတ် (၆) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်လက်အောက်မှာရှိတဲ့ ခြေမြန်တပ်ရင်း ၈ ရင်းနဲ့ ခြေလျင်တပ်ရင်း ၃ ရင်းကို အောက်တိုဘာ ၂၇ ရက် ညမှာ ကက(ကြည်း) က ကြေးနန်းပေးပို့ခဲ့တာလို့ ဧလာမှာရှိတဲ့ အမှတ် ၃၀၂ ခြေမြန်တပ်ရင်းနဲ့ နီးစပ်သူတဦးက ဒီဗွီဘီကို ပြောပါတယ်။
"ရှမ်းမြောက်မှာ ဖြစ်နေတဲ့ ပြဿနာကြောင့် လူကြီးတွေက နေပြည်တော်ကို စိုးရိမ်နေတယ်၊ လာတိုက်ရင် အလစ်ငိုက်ခံရမှာစိုးလို့ တိုက်စစ်ကိုကြိုပြင်ထားဖို့ သတိပေးတာ။ ကြေးနန်းက ညကတည်းက ထွက်ထားတာ" လို့ ပြောပါတယ်။
နေပြည်တော်တိုင်း စစ်ဌာနချုပ်နယ်မြေအတွင်းရှိ ရေဆင်းတပ်နယ်မှ အမှတ် ၄၁၃၊ ၄၁၄ ခြေမြန်တပ်ရင်း၊ ဧလာမှာရှိတဲ့ အမှတ် ၃၀၂ ခြေမြန်တပ်ရင်းနဲ့ ပျဥ်းမနားမှာရှိတဲ့ အမှတ် ၄၀၆ ခြေမြန်တပ်ရင်းတွေကို အဓိကထားသတိပေး ပြောဆိုထားတာလို့ အရာရှိတဦးနဲ့ နီစပ်သူက ဒီဗွီဘီကို ပြောပါတယ်။
"ဒုကာချုပ်က ပြောထားတာ တိုက်ပွဲဖြစ်ရင် မထွက်ပြေးရဘူး၊ တပ်မတော်သိက္ခာကျအောင် မလုပ်နဲ့တဲ့။ သေတဲ့အထိ စခန်းမကျအောင် ပြန်တိုက်၊ နေပြည်တော်အထိ စစ်မဖြစ်ဘူးလို့ ပြောလို့မရဘူး၊ ခံစစ်နဲ့မသွားနဲ့၊ တိုက်စစ်ကိုပြင်ထားခိုင်းတယ်။"
ရှမ်းမြောက်မှာ ဖြစ်နေတဲ့ တိုက်ပွဲတွေမှာ စစ်သားတွေ ထိခိုက်သေဆုံးမှု နည်းပါးစေဖို့၊ နေပြည်တော်ကောင်စီနယ်မြေ တိုက်ခိုက်မှု ကင်းရှင်းစေဖို့ တပ်ရင်း၊ တပ်ဖွဲ့တွေမှာ အသံမစဲမဟာပဋ္ဌာန်းပွဲတွေကို အန္တရာယ်ကင်းရွတ်ဖတ်ဖို့ ဒုတိယဗိုလ်ချုပ်ကြီး (ငြိမ်း) သန်းထွန်းဦးက ဒီနေ့မှာ စီစဥ်နေတာတွေလည်း ရှိတယ်လို့ သိရပါတယ်။