ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်၊ ဂါးရာယန်ကျေးရွာမှာ စစ်ကောင်စီ လက်အောက်ခံ ပြည်သူ့စစ်အဖွဲ့က ဘော်ဒါဆောင်တခုကို ဆဲဆိုဝင်ရောက်ပြီး ကျောင်းသူ ကျောင်းသားတွေကိုလည်း ထိုးကြိတ်ရိုက်နှက်ခဲ့တယ်လို့ သိရပါတယ်။
ဂါးရာယန်ကျေးရွာ၊ အမှတ် ၁ ရပ်ကွက်မှာရှိတဲ့ ဘော်ဒါဆောင်အတွင်းကို အောက်တိုဘာ ၂၆ ရက် နေ့လယ်ပိုင်းက စစ်ကောင်စီလက်အောက်ခံ ရွှေမင်း ပြည်သူ့စစ်တပ်ဖွဲ့ဝင် ၂ ယောက်ဟာ အရက်သေစာသောက်စားဝင်ရောက်လာပြီး ကျောင်းသူ၊ ကျောင်းသား ၃ ယောက်ကို ထိုးကြိတ်ရိုက်နှက်ခဲ့တဲ့အတွက် ကျောင်းသူ ၁ ယောက် ဆေးရုံတက် ကုသနေရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ဒေသခံတယောက်က “ဒီကောင်တွေ (ပြည်သူ့စစ်)အဖွဲ့ ရွာကို ရောက်လတာ တပတ်ကျော်လောက်ပဲ ရှိဦးမယ်။ အဲဒီ ပြည်သူ့စစ် ၂ ဦးက နေ့လယ် ၁ နာရီလောက် သေနတ်တွေနဲ့ မူးပြီး ဘော်ဒါဆောင်အရှေ့မှာ ခေါက်တုံ့ခေါက်ပြန်လျှောက်နေတာ။ အဲဒါ ကလေးတွေက ကြောက်ပြီး အဆောင်ထဲဝင်ပြေးတာကို အဲနှစ်ယောက်က အဆောင်ထဲ အထိ လိုက်ထိုးတယ်။ ကျောင်းသား ၂ ဦးကိုလည်းထိုးတယ်။ ကျောင်းသူ ၁ ဦးကိုလည်း လက်သီးနဲ့ထိုးတာ သတိလစ်မေ့သွားလို့ အသက်ကယ်ဆေးထိုးပြီး ဝိုင်းမော်ဆေးရုံကို ပို့လိုက်ရတယ်” လို့ ပြောပါတယ်။
ကျောင်းသား မောင်အောင်နူးလာနဲ့ မောင်ဖေါ်တုန်တူးဂျာ၊ အသက် ၁၃ နှစ်အရွယ် မလမာဘောက်ဆိုင်းတို့ကို ပြင်းပြင်းထန်ထန် ထိုးကြိတ်ခဲ့တဲ့အတွက် ခန္ဓာကိုယ် အနှံ့အပြားမှာ ဒဏ်ရာတွေရရှိခဲ့ပြီး ကျောင်းသူကတော့ သတိလစ်မေ့မျောသွားခဲ့တာပါ။
စစ်ကောင်စီ လက်အောက်ခံ ရွှေမင်းပြည်သူ့စစ်တပ်ဖွဲ့ဟာ ကျေးရွာဒေသခံတွေနဲ့ အုပ်ချုပ်ရေးပိုင်းကို ခွင့်ပြုချက်တစုံတရာတောင်းခံတာမရှိဘဲ ပြီးခဲ့တဲ့ တပတ်လောက်က စတင်ပြီး ကျေးရွာထဲကို ဝင်ရောက်လာတာဖြစ်ပါတယ်။
ဒေသခံတယောက်က “ရွာမှာ တပ်လာထိုင်တယ်ဆိုတာ ကျေးရွာကိုလည်း ခွင့်ပြုချက်မတောင်းဘူး။ ရွာထဲ ကင်းပုန်းမထိုးဖို့ ဘော်ဒါဆောင်ထဲ အဝင်အထွက်မလုပ်ဖို့ ရွာလူကြီးတွေနဲ့ ပြည်သူ့စစ်ဘက်က တာဝန်ရှိသူတွေနဲ့ ပြောဆိုထားပြီးသား။ အဲဒါကို ဖုန်းအားသွင်းတာ အကြောင်းပြပြီး ဘော်ဒါဆောင်ထဲ သေနတ်တွေ တကားကားနဲ့ဝင်ထွက်နေတာ။ အဲလိုလုပ်တာ အဆင်မပြေလို့ဆိုပြီး အောက်တိုဘာ ၂၅ ရက်နေ့မှာ ကျေးရွာကော်မတီ၊ ကျောင်းကော်မတီ၊ ရပ်မိရပ်ဖတွေပူးပေါင်းပြီး ကဇူးကျေးရွာက စစ်တပ်ဗိုလ်မှူးဆီကို တင်ပြအပြီး နောက်နေ့မှာ အဲလို ဝင်ရောက် ထိုးကြိတ်သွားတာပဲ” လို့ ပြောပါတယ်။
သတိလစ် မေ့မျောသွားလို့ ဆေးရုံတင်ခဲ့ရသူ မလမာဘောက်ဆိုင်းအတွက် ပြည်သူ့စစ်တာဝန်ခံက ငွေကျပ် ၅ သိန်းပေးပြီး နောက်နောင် ဒီလို မဖြစ်ရအောင် အာမခံ နှစ်သိမ့်ပေးခဲ့တယ်လို့လည်း သိရပါတယ်။