ဆာဘီးယားနယ်စပ်အနီး ဟန်ဂေရီနိုင်ငံမှာ အောက်တိုဘာ ၂၇ ရက်က ရွှေ့ပြောင်းနေထိုင်သူတွေကို တင်ဆောင်လာတဲ့ မော်တော်ကားတစီးနဲ့ ထရပ်ကားတစီးတို့ တိုက်မိခဲ့လို့ လူတဦးသေဆုံးပြီး ကလေး ၄ ဦးအပါအဝင် လူ ၈ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။
မှောင်ခိုသမားတဦးဖြစ်တဲ့ ကားဒရိုင်ဘာကို တခြားမှောင်ခိုသမားတယောက်က အပျက်အစီးထဲကနေ ဆွဲထုတ်ခဲ့ရပြီး တခြားကားတစီးနဲ့ အမြန်ခေါ်ဆောင်သွားကြောင်း အခင်းဖြစ်ပွားရာနေရာရှိ အဆော့တ်သာလွမ်ရွာရဲ့ အကြီးအကဲ ရီနာတာ ပက်ပ်က ဖေ့စ်ဘွတ်ခ်မှာ ပြောကြားခဲ့ပါတယ်။
အခင်းဖြစ်ရာနေရာမှာ ဒဏ်ရာရသူ ၉ ဦးကို တွေ့ရှိခဲ့တာမှာ သက်ကြီးရွယ်အိုတဦးကတော့ ပြင်းထန်တဲ့ ဒဏ်ရာတွေရရှိခဲ့ပြီး အသက်ကယ်ဆယ်နိုင်ဖို့ မျှော်လင့်ချက်မရှိတာကြောင့် အခင်းဖြစ် နေရာမှာ သေဆုံးသွားခဲ့ကြောင်း လူနာတင်ယာဉ်ပြောရေးဆိုခွင့်ရှိသူ ဂျော့ဆက်ဖှ် ဟန်ဂါ က ပြောပါတယ်။
ကလေး ၃ ဦး ကတော့ အသက်အန္တရာယ်စိုးရိမ်ရတဲ့ ဒဏ်ရာတွေရရှိခဲ့ပြီး အသက်ကယ်ဆယ်မှုတွေ လုပ်ဆောင်ခဲ့ရကြောင်း နဲ့ အခင်းဖြစ်ရာနေရာမှာ ကလေးတဦးနဲ့ လူကြီး ၄ ဦး ဒဏ်ရာ အပြင်းအထန် ရရှိခဲ့ကြောင်းလည်း သူက ပြောဆိုပါတယ်။
ရဲတပ်ဖွဲ့ရဲ့ ကိန်းဂဏန်းတွေအရ ပြီးခဲ့တဲ့လတွေအတွင်း ဟန်ဂေရီနိုင်ငံတောင်ပိုင်းနဲ့ ဆားဘီးယားနယ်စပ်မှာ တရားမဝင် ရွှေ့ပြောင်းဝင်ရောက်မှုတွေ ခုန်တက်သွားကြောင်း ပြသခဲ့ပါတယ်။
ရွှေ့ပြောင်းနေထိုင်သူတွေဟာ မှောင်ခိုသမားတွေရဲ့ အကူအညီနဲ့ စလိုဗက်ကီးယား သို့မဟုတ် သြစတြီးယားကို ဦးတည်သွားကြတာပါ။
ဥရောပကို လှုပ်ခတ်သွားစေတဲ့ ၂၀၁၅ ခုနှစ် ရွှေ့ပြောင်းအခြေချမှု အကျပ်အတည်းတွေအပြီးမှာ ဟန်ဂေရီဝန်ကြီးချုပ် ဗစ်တာ အော်ဘန်က သံမဏိ ခြံစည်းရိုးတွေ တည်ဆောက်ခဲ့ပေမယ့်လည်း အများစု အရှေ့အလယ်ပိုင်းနဲ့ အာဖဂန်နစ္စတန်တို့မှ ရွှေ့ပြောင်းနေထိုင်သူတွေဟာ ဆားဘီးယား ကနေ ဟန်ဂေရီကို ဝင်ရောက်ကြတာ ဖြစ်ပါတယ်။
Source/Photo-Reuters