(က)
မိုးလေးကတစိမ့်စိမ့်။ မုန်တိုင်းရှိတယ်လို့ သတင်းတွေထဲမှာ မြင်ရတယ်။ မြန်မာပြည်ကိုလည်း အဖျားခတ်မယ့်သဘောဆိုတော့ ရွာမယ့်သဘောပေါ့လို့ အဘစောမူးသာက ပြောပါတယ်။
“စပါးတွေက ရိတ်ရတော့မှာ၊ ဒီလိုမျိုး လေတိုက်ပုံနဲ့ဆို စပါးတွေ လဲကုန်မှာ”
“အင်း . . . . . .”
အဘစောမူးသာ စကားအပြီး စိမ်းသရဖူစိမ်း အဘစိမ်းမောင်ဆီက သက်ပြင်းချသံကြီး ထွက်လာပါတယ်။ သူတို့မိသားစုပိုင် လယ်တွေက ဒီရွာက အများဆုံးလူတွေထဲမှာ ပါတာကိုး။
“‘မိုးပြို အများ’ ပေါ့ စိမ်းမောင်ရာ”
“ဟူး ဝှူး . . . . . .”
စပါးခင်းတွေလဲကုန်ရင် ကောက်ရိတ်စက်နဲ့ ရိတ်ရအခက်အခဲဖြစ်ပြီး စပါးလည်း အဖိတ်အစဉ် ရှိတယ်လို့ ပြောကြပါတယ်။
“ရာသီဥတုမကောင်းရတဲ့ကြား စပါးတွေ ‘အဖိတ်အစဉ်’ ဖြစ်ရင် သွားပြီပေါ့ကွာ”
“မင်းတို့လို မြေပိုင်ရှင်တွေကပဲ နည်းနည်းပါးပါး ‘အဖိတ်အစဉ်’ လေးကိုများ ညည်းနေရသေးသလား စိမ်းမောင်ရာ”
အဘစောမူးသာနဲ့ အဘစိမ်းမောင်တို့ ပြောနေတာတွေကို စစ်ပြန်ကြီး အဘလုံးတုံးက စိတ်ဝင်တစား နားထောင်နေရင်းကနေ စကားဝိုင်းထဲ ဝင်လာပါလေ၏။
“‘အဖိတ်အစဉ်’ ဆိုလို့ ဒီရက်ထဲ ကဗျာဆရာတဦး ‘ဖိတ်စဉ်’ သွားတယ်နော် ဖေကြီး၊ ဘယ်သူ . . ”
“ကဗျာဆရာ ‘အောင်ခိုင်မြတ်’ ပါ အဘ”
“အေး အေး . . . ‘အောင်ခိုင်မြတ်’”
“မူးသာရေ . . တပုဒ်လောက် ရွတ်ပြကွာ”
“အေး . . .”
ဖုန်းထဲမှာ ရှာပါ၏။ တွေ့တော့ ရေနွေးတခွက်မော့ချကာ လည်ချောင်းရှင်းပါ၏။ ကဗျာခေါင်းစဉ်က ‘မြေပုံအရဆိုရင်တော့ ငွေပုံကြီးပါပဲ’ ဟု ပြောပြပြီးတော့ ဋ္ဌာန်ကရိုဏ်းကျစွာ ‘မုဒ်’ ပါပါနှင့် ရွတ်ပြပါလေ၏။
“မြေပုံအရဆိုရင်တော့ ငွေပုံကြီးပါပဲ
ဒီမြေပုံကြီးပေါ်မှာ
ဧရာမလူထုကြီးဟာ
ဆင်းရဲချို့တဲ့ခဲ့ပြီး
ဒီမြေပုံကြီးပေါ်မှာ
အခွင့်ထူးခံ အချောင်သမားတွေ
အခွင့်ထူးခံ ဘယ်သူသေသေတွေ
တက်ထိုင်သုံးစွဲခဲ့ကြတယ်။
သူတို့အဖေဘက်ကပါလာတဲ့အမွေတွေလို
သူတို့ပထွေးဘက်ကပါလာတဲ့အမွေတွေလို
ဒီငွေပုံကြီးကို
နှစ်ပေါင်းများစွာ သိမ်းပိုက်ခဲ့ကြတယ်၊
ဒီမြေပုံကြီးပေါ်မှာ ငါတို့ဟာ
ချောက်ချားဖွယ်အတိ
ဒုက္ခရောက်ခဲ့ကြရတယ်။
ဒီမြေပုံကြီးပေါ်မှာ ငါတို့တွေ
ငွေမရှိ လယ်ယာမြေတွေမရှိ
ပြောရေးဆိုခွင့်မရှိ
ငါတို့မျိုးဆက်ရဲ့ ပညာရေးကို
ငါတို့မျိုးဆက်ရဲ့ဝေးရာမှာ ပစ်ထား
အတွေးအခေါ်ကို ဖွင့်ထုတ်ခွင့်မရှိ
ခံစားချက်ကို ရင်ဖွင့်ခွင့်မရှိ
ဖွင့်ရဲရင် ဖွင့်လိုက်စမ်း
တဘဝလုံး ဆွဲစုတ်ပစ်မယ်ဆိုတဲ့
မြေပုံတပုံ
မိုးလင်းရင် တနေ့စာ အလုပ်သွားကြ
ညနေရောက်ရင်
တနေ့စာ အလုပ်ကပြန်လာကြ
ယောက်ျားတွေ မိန်းမတွေဟာ
တရက်စာ အလုပ်သွား အလုပ်ပြန်
သည်းခံခြင်းတွေနဲ့
မျက်စိစုံမှိတ်ပြီး ဘတ်စ်ကားတွေတိုးစီးကြ
နေပူတောကြီးထဲဖြတ်ပြေးကြ
မိုးထဲရေထဲ ချွေးပြန်ကြ
ညနေ မပျော်ရွှင်ဘဲ ပြန်လာကြ
အဆောင်တွေ ပျဉ်ထောင်အိမ်တွေ
တဲကုပ်တွေ တိုက်ခန်းတွေဆီ
အသက်တွေကြီးလာကြ
ကိုယ့်ကလေးကို အာဟာရပြည့်အောင်
ဘာမှမကျွေးနိုင်
အမျိုးသမီးတွေကို
ဈေးဖိုးပြည့်ပြည့်ဝဝမပေးနိုင်
ဒါပေမဲ့ မိုးလင်းမိုးချုပ် အလုပ်လုပ်ရ
ရှိတဲ့အစားအစာကို ကြိတ်မှိတ်စားရ
စကားတွေကြိတ်မှိတ်ပြောရ
အဝတ်ဟောင်းတွေ ကြိတ်မှိတ်ဝတ်ရ
ဒါမှခေါင်းပြားပြားအိပ်ရမှာဆိုတဲ့
မြေပုံတပုံ
အပူလှိုင်းကြီးထဲ ကျောကော့ပေးခဲ့ရ
ဒီမြေပုံပေါ်မှာ ပေါ်လာသမျှ
အာဏာရှင်တွေရဲ့ ဒုတ်ချက်တွေ
အရင်းရှင်တွေရဲ့ ဒုတ်ချက်တွေ
လက်ကိုင်ဒုတ်တွေရဲ့ ဒုတ်ချက်တွေ
ငါတို့ပေါ်မှာ အချက်ပေါင်းများစွာ
မြေပုံအရဆိုရင်တော့ ငွေပုံကြီးပါပဲ . . .”
“ငါ ပြန်လိုက်အုံးမယ်”
ကဗျာကား ကောင်းလှပါပေ၏။ ကဗျာရွတ်လို့မှ မဆုံးသေး၊ အဘစိမ်းမောင်က မျက်စိမျက်နှာ မကောင်းစွာဖြင့် ပြန်တော့မယ်ဟု ဆိုလာပါ၏။ အဘစောမူးသာလည်း ဆက်၍မရွတ်ဖြစ်ပါလေတော့။ အဘလုံးတုံးက ဤသို့ပြောပါ၏။
“ကဗျာလေးက ကောင်းလိုက်တာကွာ”
“မင်းသာ ကောင်းတယ်ပြောတာ၊ ငါတော့ ဘာမှ နားမလည်ဘူး”
“ဝါး . . ဟားဟား ဟားဟား ဟားဟား”
အဘစိမ်းမောင့်စကားကို ရုတ်တရက် ဝိုင်းဟားကြပါလေရာ အဘစိမ်းမောင်မှာ မျက်နှာထား တည်တည်ကြီး ဖြစ်သွားပါလေ၏။
‘ငါ ပြန်တော့မယ်’ ဟု ဆိုစဉ်မှာ မုန်တိုင်းမိုးက ရုတ်ဆို ခပ်ပြင်းပြင်းရွာချလာလေရာ အဘစိမ်းမောင် ပြန်ရန်ခက်သွားပါလေ၏။
(ခ)
မိုးကား မိုးချည်းမလာ၊ လေပါ ပါလာပြီးသကာလ ဝန်းကျင်က အပင်ကြီးတွေကိုပါ ယိမ်းထိုးနေအောင် ကြံဆောင်ပါလေ၏။ ရွာထဲမှ သစ်ကိုင်းကျိုးကျသံများကိုပါ ကြားလာရပါ၏။ ရှောင်ခွာထွက်ပြေးရန် ကြံနေပါသည့် အဘစိမ်းမောင်ကား ဘယ်ကိုမှ သွားလို့မရတော့ပေရာ ရေနွေးဝိုင်းမှာသာ ငူငူကြီး ဆက်၍ ထိုင်တော်မူနေရပါတော့၏။
“မိုးကလည်း ကောင်းလိုက်တာကွာ . . . လျှပ်စီးတွေကော မိုးကြိုးတွေပါ ပါလာပြီဟ”
“ဟုတ်တယ် မူးသာ၊ မကောင်းတာလုပ်ထားတဲ့ မအလတို့ ငမိုက်သားတွေတော့ ခေါင်းမှာ ‘မိုးကြိုးလွှဲ’ တွေ တပ်ထားကြရတော့မယ်”
“ဟားဟား ဟားဟား ဟားဟား ဟားဟား”
မိုးကြိုးတွေ တကယ်ပင် ပါလာပါလေ၏။ လျှပ်စီးတခါ ဝင်းကနဲလက်လိုက်တိုင်း အဘစိမ်းမောင် တခါခေါင်းငုံ့တာကို ထူးခြားစွာ မြင်တွေ့ရပါ၏။ ကျန်အဘတွေက ဖေကြီးကို လှမ်း၍ အဓိပ္ပာယ်ပါပါ အသံတိတ် ပြုံးပြကြပါ၏။
“ဝုန်း . . . ဗြုန်း . . . ဗြုန်း . . .”
“အောင်မယ်လေးဗျ”
ရုတ်တရက် ဝင်းလက်သွားပြီး မိုးကြိုးတခု ပေါ်ထွက်လာသည်နှင့်တပြိုင်နက် အဘစိမ်းမောင် တယောက် ရုတ်တရက် အော်ဟစ်ကာ ဝပ်လျားကြီးမှောက်ချလိုက်တာကို မြင်ရလေရာ အားလုံး ဝါးကနဲ ရယ်မိကြပြန်ပါလေ၏။
“ဝါး . . ဟားဟား ဟားဟား ဟားဟား”
“မင်းတောင် ဒီလောက်ကြောက်နေရင် မင်းတို့အဘ ကြင်စိုး သာဝ မအလတော့ နေစရာရှိမယ်တောင် မထင်ဘူး”
အဘစိမ်းမောင်ကား ပြန်ထလာကာ မှုန်တေတေကြီး ပြန်ကြည့်ပါလေ၏။ အဘလုံးတုံးက ‘မိုးတွေလေတွေကြားမှာ ကဗျာလေးတပုဒ်လောက် ထပ်ရွတ်ပေးပါလားကွာ’ ဟု အဘစောမူးသာကို တောင်းဆိုပါလေ၏။ အဘစိမ်းမောင်က မျက်စောင်းခဲ၏။ ပြန်လို့မရ။ ကဗျာရွတ်သံကိုသာ အောင့်အီးသည်းခံ၍ နားဆင်ရပေတော့မည် ဖြစ်၏။
အဘစောမူးသာက ကဗျာဆရာ အောင်ခိုင်မြတ်၏ နောက်ထပ်ကဗျာတပုဒ်ကို ရှာပြီး ရွတ်ပြမယ်ဟု ဆိုပါ၏။ ခဏနေတော့ တွေ့ပြီဟု ဆိုကာ ခေါင်းစဉ်က ‘မလွတ်သေးတဲ့သတင်း’ ဟု ပြောပြပါ၏။
“ဒီတစ်ခါတော့ ခပ်တိုတိုပေါ့ကွာ”
ကဗျာလေးကို သူ့ဘာသာသူ အစအဆုံး ပြန်ဖတ်ကြည့်နေပုံရပါ၏။ ပြီးတော့ မျက်နှာပေါ်မှာ အပြုံးရိပ်ကလေးဆင်ကာ ရွတ်ပြပါ၏။
“လူဆိုးတွေကျတော့
တယောက်မှလည်းမသေသေးဘူး၊
ဖြစ်သမျှအကြောင်း
အလောင်းချည်းပဲလား၊
မျက်ရည်ကျနေတဲ့ကြားက
ဓားကို ဆက်သွေးမိတယ်”
“ကောင်းလိုက်တာကွာ”
အဘလုံးတုံးက မှတ်ချက်ပြုနေစဉ် အဘစိမ်းမောင်ကား ယိမ်းထိုးနေသည့် သစ်ပင်များကို ငေးကာ မကြားချင်ယောင် ဆောင်နေပါလေ၏။
“ကဗျာလေး ဘယ်လိုနေလဲ စိမ်းမောင်”
“မင်းတို့ဟာတွေ ငါ ဘာမှ နားမလည်ဘူး”
“ဟားဟား ဟားဟား ဟားဟား ဟားဟား”
(ဂ)
မိုးနှင့်လေနှင့် နှစ်ပါးဆိုင်ကာ အပြိုင်ကြဲနေကြလေရာ ပြန်ချင်နေပြီဖြစ်သည့် စိမ်းသရဖူစိမ်း အဘစိမ်းမောင်မှာ ခွကိုကျလို့နေပါ၏။
“တောက် . . ဒီမိုး ဒီလေတွေကလည်းကွာ”
“‘ဒီမိုး ဒီလေ ဒီလူတွေနဲ့’ ဆိုသလိုပါ့ စိမ်းမောင်ရာ”
“ဟားဟား ဟားဟား ဟားဟား . . . . .”
မိုးသံနှင့်အတူ လေသံကလည်း တဝှီးဝှီး။ သစ်ကိုင်းကျိုးကျသံတွေကလည်း တဖြောင်းဖြောင်း ကြားနေရပါ၏။ ခဏနေတော့ အဘစိမ်းမောင်ဖုန်း ထမြည်လာပါ၏။ သူ ဖုန်းကိုင်ပြီး တဖက်စကားအကြား တုန်သွားပါ၏။
“ဟေ . . . ဟုတ်လား . . . ဒုက္ခပါပဲကွာ”
သူ့အိမ်က သူ့သားကြီးသြရသ ‘လေမောင်’ ထံမှပါတဲ့။ သူတို့အိမ်ရှေ့ခြံဝက မန်ကျည်းပင်ကြီး မိုးကြိုးပစ်ခံရလို့ လဲသွားပြီး ခြံဝပိတ်နေပြီဟု သိရပါလေ၏။
“မင်း ဒီမှာရှိနေတာ ကံကောင်းတယ် စိမ်းမောင်၊ မင်း ဒီကပြန်ရင် မန်ကျည်းသီး အစိမ်းထောင်းစားဖို့ ချူမလို့ ပြောခဲ့သေးတယ်နော်”
“အေး . . .”
“မင်းသာ ငါတို့ကဗျာရွတ်ပွဲမှာရှိမနေရင် မန်ကျည်းသီးစိမ်း ခူးနေရင် လုံးဝ မလွတ်ဘူး”
“အဲ . . . အင်း . . .”
အဘစိမ်းမောင်ကား မျက်နှာသေကလေးနှင့်။ ပြတင်းပေါက်မှ အပြင်သို့ငေးကာ မိုးနှင့်လေကို မေတ္တာပို့နေပုံပါလေ။ အဘလုံးတုံးက အဘစောမူးသာကို လှမ်းပြုံးပြကာ ကဗျာတပုဒ်လောက် နားဆင်ချင်သေးတယ်ဟု ဆိုပါ၏။
အဘစိမ်းမောင်ကား ‘တောက်’ တချက်ခေါက်ကာ “ထီးကလည်း ဒီနေ့မှ ပါမလာဘူး” ဟု ဒေါသသံနှင့် ညည်းညူပါလေ၏။
“အဲ . . . ဟုတ်ပြီကွ၊ ‘ထီးမပါ’ ဘူးဆိုတော့ ‘သေနတ်မပါ’ တဲ့ ကဗျာလေးတပုဒ် ငါရွတ်ပြမယ် လုံးတုံးရေ”
“ဘယ်သူရေးတဲ့ကဗျာလဲ မူးသာ “
“အခု ဖိတ်စဉ်သွားတဲ့ ကဗျာဆရာ အောင်ခိုင်မြတ်ရဲ့ ကဗျာလေးတွေထဲကပဲပေါ့ကွာ”
သူ့ဖုန်း Notes ထဲမှာ ကူးမှတ်ထားသည့် ကဗျာများကို ပြန်ရှာရပြန်ပါလေ၏။ ခဏနေတော့ သူ့မျက်နှာပြည့်ပြည့်ကြီးမှာ ပြုံးလာပြီးသကာလ ပိုပြီးပြည့်လာပါလေ၏။ ‘ရွက်ဝါကြွေနွေဦး’ လို့ ခေါင်းစဉ်ပေးထားတဲ့ ကဗျာလေးကို ရွတ်ပြမယ်ကွ ဆိုကာ ‘အဟမ်း အဟမ်း’ ဟု အသံပြုလျက် လည်ချောင်းရှင်းပါ၏။ ပြီးတဲ့အခါ သေသပ်လှပစွာ ရွတ်ဆိုပါလေ၏ ခင်ဗျာ။
“နေတောင်မမြင့်ရဲတော့လောက်အောင်
အရူးကရင့်လျက်၊
တသက်လုံးကောင်းစားလည်း
သူတောင်းစားက သူတောင်းစားပဲ၊
လဲ့ဝါနေ မြေလူး
ငှက်ပြာတွေ ရေတူး
ရွက်ဝါကြွေ နွေဦး၊
ပူပါတယ်ဆိုမှ
သေနတ်ကမပါ”
“ဖြောင်း ဖြောင်း ဖြောင်း ဖြောင်း ဖြောင်း . .”
အဘလုံးတုံး၏ လက်ခုပ်သံ ထွက်ပေါ်လာလေရာ အဘစိမ်းမောင်က ‘ချိုကြည့်’ ကြည့်ပါ၏။ ပြီးတော့ နှုတ်ကလည်း ရေရွတ်ပါလေ၏။
“ထီးကလည်း ပါမလာဘူး”
“ဝူး . . . ဟား ဟား ဟား ဟား ဟား ဟား”
ဖေကြီး(လေရှီး)