အောက်တိုဘာ ၂၅ ရက်အစောပိုင်းက မက္ကဆီကိုနိုင်ငံကို အင်အားအလွန်ပြင်းတဲ့ ဟာရီကိန်း Otis ဝင်ရောက်ခဲ့ပြီး မိုးသည်းထန်စွာ ရွာသွန်းမှုနဲ့ လေပြင်းတွေကြောင့် အထိအခိုက် အပျက်အစီး များပြားခဲ့ပါတယ်။
အဆင့် ၅ မုန်တိုင်းအမျိုးအစားဖြစ်တဲ့ ဟာရီကိန်း Otis ဟာ မက္ကဆီကိုနိုင်ငံရဲ့ အပန်းဖြေမြို့ဖြစ်တဲ့ အကာပူလ်ကို မြို့ကို ဖြတ်သန်း ဝင်ရောက်ခဲ့တာပါ။
မုန်တိုင်းကြောင့် အနည်းဆုံး လူ ၂၇ ဦး သေဆုံးပြီး ၄ ဦး ပျောက်ဆုံးနေတယ်လို့ မက္ကဆီကို အစိုးရက အောက်တိုဘာ ၂၆ ရက်မှာ ပြောကြားခဲ့ပါတယ်။
အကာပူလ်ကိုမြို့ရဲ့ ဒေသတွင်းစီးပွားရေးက ခရီးသွားလုပ်ငန်းပေါ်မှာ ကြီးကြီးမားမား မူတည်နေပြီး ကမ်းခြေ အပန်းဖြေစခန်း ပျက်စီးခဲ့သလို ဟိုတယ်တချို့လည်း အကြီးအကျယ်ပျက်စီးကာ ဒေါ်လာဘီလီယံချီ ထိခိုက်ဆုံးရှုံးခဲ့ ပါတယ်။
ရေလျှံနေတဲ့လမ်းတွေ၊ နေအိမ်တွေနဲ့ ဟိုတယ်တွေရဲ့ ခေါင်မိုးတွေ ပြုတ်ထွက် ကွာကျနေပြီး မော်တော်ကားတွေ ရေနစ်မြုပ်ခဲ့သလို လေဆိပ်ရှိ ထိန်းချုပ်ရေးမျှော်စင်လည်း ပြိုပျက်သွားတာကြောင့် မြို့တော်ရဲ့ လေဆိပ်ကို ပိတ်ထားခဲ့ရပါတယ်။
ဟာရီကိန်း Otis ဟာ မက္ကဆီကိုနိုင်ငံကို ဝင်ရောက်တိုက်ခတ်ခဲ့ဖူးတဲ့ အင်အားအပြင်းဆုံး မုန်တိုင်းတွေထဲက တခုဖြစ်ပါတယ်။
Source/Photo-Reuters