နိုင်ဂျီးရီးယားတရားရုံးချုပ်ဟာ အောက်တိုဘာ ၂၆ ရက်က သမ္မတ ဘိုလာ တီနူဘူရဲ့ ရွေးကောက်ပွဲအနိုင်ရမှုကို ထောက်ခံခဲ့ပြီး ရွေးကောက်ပွဲမှာ မမှန်မကန်မှုတွေကြောင့် တီနူဘူက အနိုင်ရရှိခဲ့တာလို့ စောဒကတက်ခဲ့ကြတဲ့ အဓိကပြိုင်ဘက် ၂ ဦးဖြစ်တဲ့ အာတီကူ အဘူဘာကာနဲ့ ပီတာအိုဘီတို့ရဲ့ တရားရေးဆိုင်ရာစိန်ခေါ်မှုကို အဆုံးသတ်ခဲ့ပါတယ်။
ဒီစီရင်ချက်ကြောင့် အသက် ၇၁ နှစ်အရွယ် တီနူဘူဟာ အာဖရိကရဲ့ လူဦးရေအများဆုံး နိုင်ငံကို အုပ်ချုပ်ခွင့် ရှင်းရှင်းလင်းလင်း ရရှိသွားပါပြီ။
“ဒီစီရင်ချက်က ခိုင်လုံပါတယ်။ ဒီနိုင်ငံကို ရှေ့ကို ဆက်သွားနိုင်ဖို့ နိုင်ငံရေးပါတီတွေ အားလုံးကိုလည်း သမ္မတနဲ့လက်တွဲဖို့ ဖိတ်ခေါ်ပါတယ်” လို့ သမ္မတ တီနူဘူက ပြောကြားပါတယ်။
သမ္မတတီနူဘူဟာ ရွေးကောက်ပွဲဆိုင်ရာ အေဂျင်စီကို တက္ကသိုလ်အောင်လက်မှတ်အတု တင်သွင်းခဲ့တယ်လို့ စွပ်စွဲခံထားရတာကြောင့် သက်သေအသစ်တွေကို တင်ပြဖို့ အာတီကူရဲ့ ကမ်းလှမ်းမှုကိုလည်း တရားရုံးက ပယ်ချခဲ့ပါတယ်။ အဲဒီစွပ်စွဲချက်ကိုလည်း တီနူဘူက ငြင်းဆိုခဲ့ပါတယ်။
တရားရုံးချုပ် တရားသူကြီး ၇ ဦးတို့ရဲ့ နောက်ဆုံးစီရင်ဆုံးဖြတ်ချက်ဟာ တရားရုံးမှာ စိန်ခေါ်ခံခဲ့ရတဲ့ အရင်က သမ္မတရွေးကောက်ပွဲတွေမှာ မြင်တွေ့ရတဲ့ ပုံစံအတိုင်းပဲ ဖြစ်သွားတာပါ။
တရားရုံးတွေကနေတဆင့် မဲရလဒ်တွေကို လွှမ်းမိုးဖို့ ကြိုးပမ်းမှုတွေဟာ တခါမှ မအောင်မြင်ခဲ့ဖူးပါဘူး။
နိုင်ဂျီးရီးယားနိုင်ငံဟာ ဂဏန်းနှစ်လုံးစာ ငွေကြေးဖောင်းပွမှု၊ နိုင်ငံခြားငွေ ပြတ်လပ်မှု၊ အခြေခံငွေကြေးဆိုင်ရာ တန်ဖိုးအားနည်းမှု၊ ကျယ်ကျယ်ပြန့်ပြန့် မလုံခြုံမှုနဲ့ ရေနံစိမ်းခိုးယူမှုတွေနဲ့ ရင်ဆိုင်နေရတာ ဖြစ်ပါတယ်။
Source/Photo-Reuters