မက္ကဆီကိုနိုင်ငံရဲ့ ပစိဖိတ်ကမ်းရိုးတန်းက အပန်းဖြေမြို့ဖြစ်တဲ့ အကာပူလ်ကိုမြို့ကို ဖြတ်သန်း ဝင်ရောက်တိုက်ခတ်သွားတဲ့ ဟာရီကိန်းမုန်တိုင်း Otis ကြောင့် အနည်းဆုံး လူ ၂၇ ဦး သေဆုံးပြီး ၄ ဦးပျောက်ဆုံးနေတယ်လို့ မက္ကဆီကိုအစိုးရက အောက်တိုဘာ ၂၆ ရက်မှာ ပြောကြားခဲ့ပါတယ်။
အကာပူလ်ကိုမြို့ဟာ မက္ကဆီကိုနိုင်ငံရဲ့ အဆင်းရဲဆုံးပြည်နယ်ဖြစ်တဲ့ ဂရဲရိုပြည်နယ် တောင်ပိုင်းရှိ အကြီးဆုံးမြို့ဖြစ်ပြီး ဒေသတွင်း စီးပွားရေးက ခရီးသွားလုပ်ငန်းပေါ်မှာ ကြီးကြီးမားမား မူတည်နေတာပါ။
အဆင့် ၅ မုန်တိုင်းအမျိုးအစားဖြစ်တဲ့ ဟာရီကိန်း Otis ကြောင့် အကာပူလ်ကို ကမ်းခြေအပန်းဖြေစခန်း ထိခိုက်ပျက်စီးသွားပြီး အကျော်ကြားဆုံး ဟိုတယ်တချို့လည်း အကြီးအကျယ် ပျက်စီးသွားခဲ့ရတာကြောင့် ဒေါ်လာဘီလီယံနဲ့ချီပြီး ထိခိုက်သွားခဲ့ရပါတယ်။
လူပေါင်း ၉ သိန်းနီးပါးရှိတဲ့ အကာပူလ်ကိုမြို့တလျှောက် အပျက်အစီးတွေ ကျန်ရစ်ခဲ့ပါတယ်။ ရေလျှံနေတဲ့လမ်းတွေ၊ နေအိမ်တွေနဲ့ ဟိုတယ်တွေရဲ့ ခေါင်မိုးတွေ ပြုတ်ထွက် ကွာကျနေပြီး မော်တော်ကားတွေ ရေနစ်မြုပ်နေပါတယ်။
ဟာရီကိန်း Otis ကြောင့် လေဆိပ်ရှိ ထိန်းချုပ်ရေးမျှော်စင်လည်း ပြိုပျက်သွားတာကြောင့် မြို့တော်ရဲ့ လေဆိပ်ကို ပိတ်ထားခဲ့ရပါတယ်။
ဆက်သွယ်ရေးလမ်းကြောင်းတွေလည်း ပြတ်တောက်နေပြီး လမ်းခရီးနဲ့ လေကြောင်းခရီးတွေလည်း ပြတ်တောက်နေတာပါ။
ဟာရီကိန်း Otis ဟာ မက္ကဆီကိုနိုင်ငံကို ဝင်ရောက်တိုက်ခတ်ခဲ့ဖူးတဲ့ အင်အားအပြင်းဆုံး မုန်တိုင်းတွေထဲက တခုဖြစ်ပါတယ်။
Source/Photo-Reuters