ငမိုးရိပ်ချောင်းမှာ စက်တင်ဘာ ၁၉ ရက် မနေ့က ရေတက်ခဲ့တာကြောင့် သင်္ဃန်းကျွန်း၊ မြောက်ဥက္ကလာပ၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)နဲ့ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်က ရပ်ကွက်တချို့မှာ ရေဝင်ရောက်ခဲ့ပေမဲ့ စိုးရိမ်ရလောက်တဲ့ အနေအထား ရှိမနေဘူးလို့ ဒေသခံတွေက ပြောပါတယ်။
ဒီနေ့မွန်းလွဲပိုင်းမှာတော့ ငမိုးရိပ်ချောင်းရေ ပြန်ကျသွားတာကြောင့် အနိမ့်ပိုင်း ရေဝင်ရောက်ခဲ့တဲ့ နေရာတွေမှာ နာရီပိုင်းလောက်ပဲ ရေမြုပ်တာ ကြုံလိုက်ရတယ်လို့ ပတ်ဝန်းကျင် နေထိုင်သူတွေဆီက သိရပါတယ်။
မြောက်ဥက္ကလာပမြို့နယ်၊ မယ်လမုဘုရားအနီး နေထိုင်သူတယောက်က “ဒီမှာက ရေတက်တိုင်း ကြုံနေရတော့ အထူးအဆန်းမဟုတ်ဘူး။ ရေပြန်ကျတာနဲ့ လမ်းပေါ်တင်တဲ့ရေတွေ ပြန်ပါသွားတာပဲ။ ဘယ်လောက်မှမကြာဘူး။ ဒါကို တချို့က လူတွေ စိုးရိမ်အောင် လိုင်းပေါ်တင်ကြတာ” လို့ ပြောပါတယ်။
ငမိုးရိပ်ချောင်းရေတက်စဥ်က မယ်လမုဘုရားအနီး ဘုန်းကြီးလမ်းတဝိုက်မှာ လမ်းပေါ်ရေတင်တာ ရှိခဲ့ပေမဲ့ ဒီနေ့မွန်းလွဲပိုင်းမှာ နဂိုအတိုင်း ပြန်ပြီးခြောက်သွားတယ်လို့ ဒေသခံတွေက ဆိုပါတယ်။
ချောင်းရေတက်ချိန်မှာ ရေအနည်းငယ် ခြံထဲဝင်တာသာရှိပြီး ထူးထူးခြားခြားမရှိဘူးလို့ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ ငမိုးရိပ်ချောင်းအနီးမှာ နေထိုင်သူတယောက်က ပြောပါတယ်။
ရန်ကုန်မြစ်မှာ စက်တင်ဘာ ၁၇ ရက်ကစပြီး ထူးကဲဒီရေတက်ဖို့ ရှိတယ်လို့ မြန်မာ့ဆိပ်ကမ်း အာဏာပိုင်အဖွဲ့က အသိပေးထားပြီးနောက် ရန်ကုန်မြို့နေ ပြည်သူတွေအနေနဲ့ ရေကြီးမှုနဲ့ ကြုံရမှာကို စိုးရိမ်နေကြတယ်လို့ မြို့ခံတွေက ဆိုပါတယ်။
ဒီရေမြင့်တက်မှုကို စက်တင်ဘာ ၂၃ ရက်အထိ ကြုံရနိုင်ပြီး ၂၁ ပေနီးပါးအထိ မြင့်တက်နိုင်ပေမဲ့ အရင်ကလည်း အဲဒီနှုန်းအတိုင်း ဒီရေမြင့်တက်တာ ရှိခဲ့ဖူးလို့ စိုးရိမ်စရာ မရှိဘူးလို့ မြန်မာ့ဆိပ်ကမ်းအာဏာပိုင်အဖွဲ့က ဆိုထားပါတယ်။
မိုးလေဝသပညာရှင် တချို့ကတော့ ထူးကဲဒီရေ တက်နိုင်သေးတာကြောင့် မြစ်၊ ချောင်းအနီး နေထိုင်သူတွေ သတိထားကြဖို့ အကြံပြု တိုက်တွန်းထားပါတယ်။