ကရင်နီ(ကယား)ပြည်နယ် မယ်စဲ့မြို့နယ်မှာ ၂၀၂၀ ရွေးကောက်ပွဲတုန်းက အမျိုးသားလွှတ်တော် ကိုယ်စားလှယ်အဖြစ် ဝင်ရောက်ယှဉ်ပြိုင်ခဲ့တဲ့ လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ကျော်ထွန်း အသတ်ခံရတဲ့ကိစ္စ အမှုမှန် မပေါ်ပေါက်သေးဘူးလို့ မိသားစုဝင်တွေက ပြောပါတယ်။
ဦးကျော်ကျော်ထွန်းဟာ အခုနှစ် ဇူလိုင်လအတွင်း မယ်စဲ့မြို့မှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေအတွင်း မယ်စဲ့မြို့ ထိုင်းဝင်ပေါက်ဂိတ် ၁၃ အနီးက အစ်မဖြစ်သူရဲ့နေအိမ်မှာ အိမ်စောင့်အဖြစ် ကျန်ရှိခဲ့ချိန် ဖမ်းဆီးခံခဲ့ရပါတယ်။
တိုက်ပွဲအတွင်း ပျောက်ဆုံးသွားတာဖြစ်ပြီး အခုအချိန်ထိ ဘယ်အဖွဲ့က ဘယ်လိုလုပ်ဆောင်ခဲ့လဲ ဆိုတာ မိသားစုဝင်တွေက မသိရှိရသေးဘူးလို့ ဆိုပါတယ်။
မိသားစုဝင်တဦးက “သေသလား ရှင်သလားလည်း အတိအကျ မသိရှိရသေးပါဘူး။ တကယ်လို့ သေဆုံးသွားတယ် ဆိုရင်တော့ ဘယ်သူကလုပ်ဆောင်တယ်ဆိုတာ သိချင်ပါတယ်။ အခုက တော်လှန်ရေးမှာ ပါဝင်ခဲ့သူတယောက်က ခွေးသေ၊ ဝက်သေ အလောင်းလည်းပြန်မရ၊ သက်သေအထောက်အထားလည်း မရတာတော့ မဖြစ်သင့်ပါဘူး” လို့ ပြောပါတယ်။
အသက် ၃၇ နှစ်အရွယ်ရှိ ဦးကျော်ကျော်ထွန်းဟာ ၂၀၂၀ ရွေးကောက်ပွဲမှာ ကယားပြည်နယ် ဒီမိုကရက်တစ်ပါတီ (KySDP) လက်ရှိ ကရင်နီပြည်နယ်ဒီမိုကရက်တစ်ပါတီ (KSDP) ကနေ အမျိုးသားလွှတ်တော် ၅ မယ်စဲ့မြို့နယ် မဲဆန္ဒနယ်ကနေ ဝင်ရောက်ယှဉ်ပြိုင်ခဲ့သူ ဖြစ်ပါတယ်။
ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် (KNDF) ပြန်ကြားရေးတာဝန်ခံက “သေဆုံးသွားတဲ့ဖြစ်စဉ်တော့ အတိအကျ မသိရပါဘူး။ မယ်စဲ့တိုက်ပွဲအတွင်း လူသတ်မှုကိစ္စတွေ ဖြစ်သွားလားတော့ မသိဘူး၊ ကျနော်တို့လည်း အတည်မပြုပေးနိုင်ပါဘူး” လို့ ပြောပါတယ်။
ဦးကျော်ကျော်ထွန်းဟာ အာဏာသိမ်းပြီးနောက်ပိုင်း ကရင်နီပြည်နယ် အတိုင်ပင်ခံကောင်စီ (KSCC) မှာ အဖွဲ့ဝင်အဖြစ် ပါဝင်ခဲ့ဖူးတယ်လို့လည်း သိရပါတယ်။