လာမယ့် နိုဝင်ဘာလဆန်းပိုင်း ကပ္ပလီပင်လယ်ပြင်မှာ ၃ ရက်ကြာ ရေကြောင်းလုံခြုံရေး လက်တွေ့ပစ်ခတ် စစ်ရေးလေ့ကျင့်တာတွေ လုပ်ဖို့ရှိတဲ့အတွက် ဖြတ်သန်းသွားလာတာတွေ မလုပ်ကြဖို့ စစ်ကောင်စီက သတိပေးထားပါတယ်။
ရေကြောင်းလုံခြုံရေးပင်လယ်ပြင်လေ့ကျင့်ခန်းကို နိုဝင်ဘာလ ၇ ရက်မှ ၉ ရက်ထိ ကာလအတွင်း ကပ္ပလီပင်လယ် ပြင်မြောက်ပိုင်းရေပြင်မှာ ရေပြင်၊ ဝေဟင်၊ ရေအောက်လေ့ကျင့်ခန်းတွေနဲ့ လက်တွေ့ပစ်ခတ်ခြင်း(Live Firing) ဆောင်ရွက်သွားမယ်လို့ ဒီကနေ့ထုတ် စစ်ကောင်စီသတင်းစာတွေမှာ ဖော်ပြပါတယ်။
လေ့ကျင့်ခန်းဆောင်ရွက်စဉ်ကာလအတွင်း ဘေးအန္တရာယ်ကင်းရှင်းစေရေးအတွက် အဆိုပါ ဧရိယာမှ ၅ မိုင် ပတ်လည်ကို သင်္ဘောကြီး/ငယ်တွေ၊ ကုန်တင် စက်လှေတွေ၊ ငါးဖမ်းသင်္ဘောတွေ၊ စက်တပ်သမ္ဗန်တွေ ဖြတ်သန်းသွားလာ၊ ကျောက်ချရပ်နားတာ၊ ငါးဖမ်းတာတွေ မလုပ်ကြဖို့ တားမြစ်ထားပါတယ်။
ဒါ့အပြင် လေယာဉ်၊ ရဟတ်ယာဉ်တွေ အမြင့်ပေ ၁၅ဝ၀ဝ အောက် ဖြတ်ကျော် ပျံသန်းတာတွေ မလုပ်ကြဖို့လည်း အသိပေးကြေညာထားပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် ဇူလိုင်လဆန်းကလည်း ရေငုပ်သင်္ဘောအပါအဝင် စစ်ရေယာဉ်တွေ၊ ရဟတ်ယာဉ်တွေနဲ့ စစ်နည်းဗျူဟာအဆင့် ရေပေါ်ရေအောက် ပူးပေါင်းစစ်ဆင်မှု လေ့ကျင့်ခန်း (Sea Shield-2022)ကို ရခိုင်ကမ်းရိုးတန်းရေပြင်မှာ ပြုလုပ်သွားခဲ့ပါတယ်။
Photo-DSINFO