တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့တော်အစိုးရဟာ လူအသေအပျောက်များခဲ့တဲ့ ဟောလိုးဝင်းပွဲတော် အဖြစ်အပျက် နှစ်ပတ်လည်နေ့မတိုင်ခင် အောက်တိုဘာလ ၂၅ ရက်မှာ လူစုလူဝေး ထိန်းချုပ်ရေး လေ့ကျင့်မှုကို ပြုလုပ်ခဲ့ပါတယ်။
လူစုလူဝေးဖြစ်နိုင်ခြေကို ရှာဖွေပြီး သတိပေးဖို့ ဉာဏ်ရည်တု AI ကို ကျောထောက်နောက်ခံ ပြုထားတဲ့ ပရိုဂရမ်ကို ဒီဇိုင်းထုတ်ပြသထားတာပါ။ ကြိုတင်သတိပေးတဲ့စနစ်ဟာ ဟောလိုးဝင်းပွဲတော်နေ့ အောက်တိုဘာလ ၃၁ ရက်မှာ စတင်မှာဖြစ်ပါတယ်။
အဲဒီစနစ်ဟာ အဓိကနေရာ ၇၁ ခုမှာ CCTV ကင်မရာ ၉၀၉ လုံး တပ်ဆင်ထားမှာဖြစ်ပြီး အဲဒီကင်မရာတွေကနေ လူစုလူဝေးလှုပ်ရှားမှုနဲ့ သိပ်သည်းမှုကို ခွဲခြမ်းစိတ်ဖြာပေးမယ့်အပြင် အန္တရာယ်ရှိ လက္ခဏာတွေအတွက် အာဏာပိုင်တွေကို အချက်ပြ သတိပေးထားမှာပါ။
ဆိုးလ်မြို့တော် ဘေးကင်းလုံခြုံရေးနဲ့ ဘေးအန္တရာယ် တားဆီးကာကွယ်ရေးဌာနခွဲရဲ့ ဒါရိုက်တာ အန်းဟျောင်းဂျွန်းက “အရင်တုန်းကတော့ ကျနော်တို့ဟာ လူစုလူဝေးသိပ်သည်းမှုကို ကိုယ့် မျက်လုံးနဲ့ပဲ ဆုံးဖြတ်ခဲ့ပေမဲ့ အခုတော့ ဉာဏ်ရည်တု (AI) ဗီဒီယိုပိုင်းခြားစိတ်ဖြာနိုင်စွမ်းတွေ တပ်ဆင်ထားတဲ့ လူစုလူဝေးကို ထောက်လှမ်းတဲ့ CCTV စနစ်ကို အသုံးပြုနေပါတယ်။ ဒါက လူသားတွေရဲ့ အဆုံးအဖြတ်အမှားတွေကို လျှော့ချဖို့ ကူညီပေးမှာပါ” လို့ ပြောပါတယ်။
ကြိုတင် သတိပေးစနစ်ရဲ့ အစမ်းသရုပ်ပြမှုကို ဆိုးလ်မြို့ရှိ ဘားတွေနဲ့ စားသောက်ဆိုင်တွေ ရှိရာ ကျဉ်းမြောင်းတဲ့ လမ်းကြားမှာ ပြုလုပ်ခဲ့တာဖြစ်ပြီး ၃၀ စတုရန်းမီတာ ဧရိယာအတွင်းမှာ စေတနာ့ဝန်ထမ်း ၁၅၀ ကိုလည်း နေရာချထားပြီးတော့ ထိန်းချုပ်ခန်းရှိ ဝန်ထမ်းတွေက စောင့်ကြည့်ခဲ့ကြပါတယ်။
မနှစ်က ဟောလိုဝင်းပွဲတော်ညမှာ ကျဉ်းမြောင်းတဲ့ အီထယ်ဝန် လမ်းကြားထဲ ပျော်ပွဲရွှင်ပွဲကို လာရောက်တဲ့ လူတွေ ပြည့်ကျပ် တိုးမိ နင်းမိပြီး လူငယ်လူရွယ်အများစု အပါအဝင် လူပေါင်း ၁၅၉ ဦး သေဆုံးခဲ့ပါတယ်။
ဒီဖြစ်ရပ်နဲ့ပတ်သက်လို့ ကြိုတင်ပြင်ဆင်မှု အပြည့်အ၀မရှိတာ၊ လူစုလူဝေးကို ထိန်းချုပ်မှု အစီအမံတွေ မရှိတာနဲ့ အစောပိုင်း အကူအညီတောင်းခံတဲ့ ဖုန်းခေါ်ဆိုမှုတွေကို ဖြေကြားမှု မရှိတာတွေနဲ့ ပတ်သက်လို့ ပြည်သူတွေက အာဏာပိုင်တွေကို အပြစ်တင်ခဲ့ကြပါတယ်။
Source/Photo - Reuters