Home
မြန်မာသတင်း
သိန္နီမြို့နယ် တရုတ်နယ်စပ်ကုန်သွယ်ရေးစင်္ကြံလမ်းတွင် တိုက်ပွဲများ ဖြစ်ပွား 
DVB
·
October 26, 2023
Shan SAC_26102023

ရှမ်းပြည်နယ်မြောက်ပိုင်း၊ တရုတ်နယ်စပ် ကုန်သွယ်ရေးစင်္ကြံတလျှောက်မှာ စစ်ကောင်စီတပ်နဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တချို့တို့ တိုက်ပွဲဖြစ်ပြီးတဲ့နောက် စစ်တပ်က သိန္နီမြို့နယ်ထဲက ကွန်ကောက်ရွာမှာ တပ်စွဲထားပါတယ်။

ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင် (SHRF) မှ ပြောရေးဆိုခွင့်ရှိသူ ယိင်းလျန်းဟန်က “အရင်တုန်းက မရှိဘူး၊ သိန္နီနဲ့ လားရှိုးကလာတဲ့ တပ်တွေရှင့်၊ အင်အားတော့ ၅၀ ကျော်ရှိတယ်” လို့ ဒေသခံတွေရဲ့ ပြောဆိုချက်ကို ကိုးကားပြီး ဒီဗွီဘီကို ပြောပါတယ်။

မြန်မာ-တရုတ် အဓိကကုန်သွယ်ရေးစင်္ကြံလမ်းမကြီးတခုဖြစ်တဲ့ သိန္နီမြို့နဲ့ ချင်းရွှေဟော်ကို ဆက်သွယ်ထားတဲ့ အဝေးပြေးလမ်းမကြီးတလျှောက်မှာ စစ်ကောင်စီနဲ့ ကချင်လွတ်မြောက်ရေးတပ်မတော် (KIA)၊ ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP) တို့ အောက်တိုဘာလထဲ တိုက်ပွဲတွေ ဖြစ်ပွားနေတာပါ။

ဝမ်နောင်မိန်းကျေးရွာနားမှာ တပ်စွဲထားခဲ့တဲ့ စစ်ကောင်စီ တပ်ရင်း-၃၂၃ က ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးဟာ အောက်တိုဘာ ၇ ရက်နေ့မှာ ကွန်ကောက်ရွာ ဘုန်းကြီးကျောင်းမြောက်ဘက်မှာ တလုံး၊ ကျေးရွာထဲကို တလုံး၊ ရွာအပြင်ဘက်ကို တလုံး ကျရောက်ပေါက်ကွဲခဲ့တယ်လို့ SHRF က ထုတ်ပြန်ထားပါတယ်။

အလားတူ အောက်တိုဘာ ၈ ရက်နေ့မှာလည်း ကွန်ကောက်ရွာနားမှာ စစ်တပ်နဲ့ KIA တို့ တိုက်ပွဲတွေဖြစ်ခဲ့ပြီး စစ်တပ်ကထပ်ပစ်တဲ့ လက်နက်ကြီးကြောင့် ကိုယ်ဝန်ဆောင် အမျိုးသမီးတယောက် လက်နက်ကြီးစ ထိမှန်ခဲ့ပြီး ဒေသခံတွေက လားရှိုးဆေးရုံကို ပို့ဆောင်ပေးခဲ့ပေမဲ့ ဗိုက်ထဲက ကလေးငယ်ကတော့ သေဆုံးခဲ့ရတယ်လို့ ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။

ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP) ဘက်ကတော့ ကွန်ကောက်ကျေးရွာအုပ်စု အပါအဝင် တရုတ်ကုန်သွယ်ရေးစင်္ကြံတလျှောက်က ကျေးရွာတွေကို ဗုံးခိုကျင်းတွေ တူးထားဖို့ မှာထားတယ်လို့လည်း SHRF က သိရပါတယ်။

“SSPP မှာကတော့ ဒီလ ဒုတိယပတ်လောက်ရှင့်။ ကွန်ကောက်ရွာသားတွေရော အဲ့ဘက်တကြောလုံး။ သိန္နီ ချင်းရွှေဟော်လမ်းမ တကြောလုံးက ရွာတွေရှင့်” လို့ ယိင်းလျန်းဟန်က ပြောပါတယ်။

တိုက်ပွဲကြောင့် ကွန်ကောက်ရွာ အပါအဝင် အနီးဝန်းကျင် ၁၀ ရွာကျော်လောက်က ဒေသခံ ၁,၀၀၀ ကျော်ဟာ အောက်တိုဘာလဆန်းပိုင်းတည်းက နီးစပ်ရာဒေသတွေဆီ နေရပ်စွန့်ခွာ ထွက်ပြေးခဲ့ရပါတယ်။

အောက်တိုဘာ ဒုတိယပတ်လောက်မှာ ရွာသားတွေဟာ သူတို့နေရပ်တွေဆီ ပြန်လာခဲ့ပေမဲ့ စစ်ကောင်စီတပ်က တပ်စွဲထားတဲ့အတွက် လယ်ယာတွေထဲကို မဆင်းရဲသေးဘူး ဖြစ်နေတယ်လို့ သိရပါတယ်။

နယ်စပ်မှာ အခြေစိုက်ပြီး တရုတ်နိုင်ငံရဲ့ အကျိုးစီးပွားကို ထိခိုက်စေမယ့် လုပ်ဆောင်ချက်တွေကို လက်သင့်မခံဘူးလို့ မြန်မာစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က တရုတ်အထူးကိုယ်စားလှယ်နဲ့  နေပြည်တော်မှာ အောက်တိုဘာ ၁၅ ရက်က တွေ့ဆုံစဉ် ပြောကြားခဲ့ပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024