
အောက်တိုဘာ ၂၄ ရက်ကနေ ၃၀ ရက်နေ့အထိ တပတ်တာအတွက် စားသုံးဆီ ၁ ပိဿာ ရည်ညွှန်းဈေး ၄၅၀ ကျပ် မြင့်တက်သွားတယ်လို့ ရန်ကုန်မြို့ စားသုံးဆီရောင်းဝယ်ရေး လုပ်ငန်းတွေက ပြောပါတယ်။
စားသုံးဆီ တင်သွင်းသိုလှောင် ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီက အပတ်စဉ် စားသုံးဆီရည်ညွှန်းဈေးကို အောက်တိုဘာ ၂၂ ရက်က ၄,၂၇၅ ကျပ် ဖြစ်ရာကနေ အောက်တိုဘာ ၂၃ ရက်မှာ ၁ ပိဿာကို ၄,၃၉၅ ကျပ်ဖြစ်ခဲ့ပြီး အောက်တိုဘာ ၂၄ ရက်နေ့မှာတော့ ၄,၇၂၅ ကျပ်အထိ တိုးမြှင့်လိုက်တာ ဖြစ်ပါတယ်။
ရန်ကုန်မြို့ ဆီရောင်းဝယ်ရေးလုပ်ကိုင်သူတဦးက “ပြီးခဲ့တဲ့တပတ်ဈေး ၄,၂၀၀ ကျော်ကနေ ဈေးတက်ပြီး ၄,၃၉၅ ကျပ်၊ ၄,၄၀၀ နီးပါး ဖြစ်သွားတယ်။ ပုံမှန်ဆို ကော်မတီဘက်က ဈေးသတ်မှတ်လိုက်တာနဲ့ တပတ်လုံး ဒီဈေးနဲ့ရောင်းရမှာ။ အခု နောက်ရက်ကျတော့ ထပ်ပြီး ၃၀၀ ကျော်တက်တယ်၊ အခုဈေးက ၄,၇၂၅ ကျပ်။ ဒါက လက်ကားဈေးပဲ ရှိသေးတယ်။ လက်လီဆို ၁ ပိဿာ ၅,၀၀၀ ကျော်သွားပြီ” လို့ ပြောပါတယ်။
လက်လီဈေးနှုန်းကို ဆီရည်ညွှန်းဈေးရဲ့ ၁၀ ပုံ ၁ ပုံကို အမြတ်တင်ရောင်းချခွင့် ပြုထားတာဖြစ်ပြီး ရည်ညွှန်းဈေး ၄,၂၇၅ ကျပ်မှာ လက်လီဈေး ၁ ပိဿာ ၄,၇၀၀ ကျပ်သာ ဖြစ်ပေမဲ့ ရည်ညွှန်းဈေး ၄,၇၂၅ ကျပ်အထိ ဖြစ်သွားတာကြောင့် လက်လီ ၁ ပိဿာဈေးဟာ ပြင်ပမှာ ကျပ် ၅,၅၀၀ ပေးဝယ်နေရပါတယ်။
ရန်ကုန်မြို့မှ အိမ်ရှင်မတဦးက “၂ ရက်လောက်ရှိပြီ ဈေးတက်တာ။ ပထမရက်က ၅,၀၀၀၊ နောက်ရက်က ၅,၅၀၀ ဖြစ်သွားပြီ။ ဘယ်လိုခက်ခဲလဲဆိုတော့ ဈေးတက်တာတော့ ဆီတခုတည်း မဟုတ်ဘူး၊ အားလုံးလိုလိုပါပဲ။ ဆီကတော့ မရှိမဖြစ်ဆိုတော့ တခြားဝယ်မယ့်ဟာတွေထဲက လျေှာ့ပြီးဝယ်ရတာ။ ဆီဈေးတက်တာတောင် ၅၀ သားလောက်ပဲ ဝယ်လို့ရတယ်” လို့ ပြောပါတယ်။
ပြည်တွင်းစားသုံးဆီ တပတ်စာရည်ညွှန်းဈေးကို နိုင်ငံခြားစားသုံးဆီဈေးနှုန်း ဖြစ်ပေါ်နေမှုတွေအပေါ် မူတည်ပြီး အခြေခံတွက်ချက်တာလို့ သိရပြီး လက်ကားကုန်သည် အရောင်းဆိုင်ကြီးတွေက အသားတင်အမြတ် ၂ ရာခိုင်နှုန်းနဲ့ အထွေထွေကုန်ကျစရိတ် ပေါင်းပြီးတဲ့ ဈေးနဲ့သာ ရောင်းချရမှာ ဖြစ်ပါတယ်။
လက်လီရောင်းချမှုကို စားသုံးဆီအရင်းဈေးနှုန်းရဲ့ အမြတ်ငွေ ၁၀ ရာခိုင်နှုန်းထက် မပိုတဲ့ဈေးနဲ့ ပြင်ပမှာ ဖြန့်ချိရောင်းဝယ်ဖို့ကို စက်တင်ဘာ ၄ ရက်က မြန်မာနိုင်ငံ ဆီကုန်သည်နဲ့ ဆီလုပ်ငန်းရှင်များအသင်းက စာထုတ်ပြန်ထားပါတယ်။