ဧရာဝတီတိုင်း၊ ဟင်္သာတမြို့နယ်မှာ သီတင်းကျွတ်ကာလအတွင်း မီးရှူးမီးပန်းဖောက်တာနဲ့ ဗျောက်အိုးဖောက်တာအပြင် ရောင်းချသူတွေကိုပါ အရေးယူသွားမယ်လို့ အောက်တိုဘာ ၂၄ ရက်မှာ စစ်ကောင်စီအုပ်ချုပ်ရေးမှူးက အသံချဲ့စက်နဲ့ လိုက်လံကြေညာခိုင်းနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဟင်္သာတမြို့ပေါ်ရပ်ကွက်တွေနဲ့ ကျေးရွာတွေမှာ အောက်တိုဘာ ၂၄ ရက် ညက စစ်ကောင်စီ အုပ်ချုပ်ရေးမှူးတွေက ရာအိမ်မှူးတွေကို အသံချဲ့စက်နဲ့ လိုက်လံကြေညာခိုင်းတာ ဖြစ်ပါတယ်။
ဟင်္သာတမြို့ခံတဦးက “အုပ်ချုပ်ရေးမှူးတွေက သူတို့ဘာသာ မကြေညာရဲလို့ ရာအိမ်မှူးတွေ၊ ဆယ်အိမ်မှူးတွေကို ကြေညာခိုင်းနေတာ။ လုံခြုံရေးတွေ ဘာတွေယူပြီး ကြေညာတာတော့မရှိဘူး၊ ဒီတိုင်းပဲ လိုက်ကြေညာတာ။ သူက ဖောက်တဲ့သူတွေပါမဟုတ်ဘူး၊ ရောင်းတဲ့သူတွေပါ ဖမ်းမယ်လို့ ကြေညာနေတာ။ သီတင်းကျွတ်ပျော်ပွဲတွေမှာ ကလေးတွေ ဗျောက်အိုးဖောက်ချင်နေပေမဲ့ သူတို့က ဘာမဆိုလုပ်နိုင်တာမို့ ပေးမဖောက်ရဲပါဘူး” လို့ ပြောပါတယ်။
ဟင်္သာတမြို့မှာ သီတင်းကျွတ်ကာလနီးလာတာနဲ့ စစ်ကောင်စီတပ်ဖွဲ့တွေက ညဘက် တညလုံး ကင်းလှည့်နေတာတွေအပြင် အစစ်အဆေးလည်း တင်းကျပ်နေတယ်လို့ သူက ဆက်ပြောပါတယ်။
ဟင်္သာတမြို့မှာ စစ်ကောင်စီအခြေစိုက်ရာ နေရာတွေ၊ စစ်ကောင်စီတပ်သားတွေ၊ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးတွေနဲ့ သတင်းပေး ဒလန်တွေကို တော်လှန်ရေးတပ်ဖွဲ့တွေက မကြာခဏ တိုက်ခိုက်တာတွေ ရှိနေပါတယ်။
ဇလွန်မြို့မှာလည်း အောက်တိုဘာ ၂၂ ရက်က သီတင်းကျွတ် မီးရှူးမီးပန်းဖောက်တာနဲ့ ဗျောက်အိုးဖောက်ပါက ဖမ်းဆီးအရေးယူသွားမယ်လို့ စစ်ကောင်စီရဲ့ အုပ်ချုပ်ရေးမှူးတွေက လိုက်လံကြေညာခဲ့ပါသေးတယ်။