ရန်ကုန်တိုင်း၊ သာကေတမြို့နယ် အ.ထ.က (၅) က အထက်တန်းပြ ဆရာ၊ ဆရာမတချို့ဟာ ကျူရှင်ဖွင့်လှစ်သင်ကြားနေပြီး ကျူရှင်မယူတဲ့ ကျောင်းသားတွေကို မမျှမတ ခွဲခြားဆက်ဆံနေတယ်လို့ ကျောင်းသားမိဘတွေက ပြောပါတယ်။
ပြီးခဲ့တဲ့ လပတ်စာမေးပွဲမှာ အ.ထ.က ၅ က ဆရာဆရာမတွေဟာ သူတို့ဆီမှာ ကျူရှင်ယူတဲ့သူတွေကိုသာ စာမေးပွဲမေးခွန်းတွေ ကြိုပေးခဲ့တာကြောင့် ကျောင်းသား ကျောင်းသူတွေအပေါ် မမျှမတပြုလုပ်တာဖြစ်တယ်လို့ ကျောင်းသားမိဘတဦးက ပြောပါတယ်။
“တချို့ကလေးတွေက ကျူရှင်ယူနိုင်ဖို့ထက် ကျောင်းတောင်မနည်းတက်နေရတာ။ ဆရာ၊ ဆရာမတွေရဲ့ သင်ကြားမှုအပေါ် အားထားနေရတဲ့ ကလေးတွေအပေါ် အခုလိုလုပ်တာ မကောင်းပါဘူး။ မေးခွန်းမရလို့ ပြောတာလည်း မဟုတ်ဘူး။ ဒီလိုခွဲခြားမှုတွေက မရှိသင့်ဘူးထင်လို့ ပြောပြတာ။”
စစ်အာဏာသိမ်းပြီးတဲ့နောက်ပိုင်း ပြန်လည်ဖွင့်လှစ်လာတဲ့ အခြေခံပညာကျောင်းတွေမှာ ဆရာ၊ ဆရာမတွေက ကျူရှင်ကို အပြိုင်အဆိုင်ဖွင့်လှစ်သင်ကြားနေတာကြောင့် ခေတ်ပျက်ချိန်မှာ ကျူရှင်ကို အခွင့်အရေးတခုလို အသုံးချပြီးစီးပွားရှာတာ ထူးဆန်းတဲ့ကိစ္စတော့မဟုတ်ဘူးလို့ ရန်ကုန်တက္ကသိုလ် တွဲဖက်ပါမောက္ခ CDM တဦးက သုံးသပ်ပြောကြားပါတယ်။
“ဒါတွေ ထူးဆန်းတဲ့ကိစ္စတော့ မဟုတ်ပါဘူး။ ခေတ်ပျက်ချိန်မှာ အခွင့်ရေးသမားတွေအတွက် ခွင်တခုလို ဖြစ်နေတာပေါ့။ ပြည်သူ့အစိုးရလက်ထက်က ပညာရေးနဲ့ စစ်တပ်လက်အောက်က ပညာရေးကွာခြားပေါ့။”
လက်ရှိအခြေခံပညာကျောင်းတွေမှာ ကျောင်းသားတယောက် ကျူရှင်တက်မယ်ဆိုရင် ကျပ် ၁၀၀၀၀ ကနေ ၂၅၀၀၀ လောက်အထိ ပေါက်ဈေးရှိနေတယ်လို့ ပညာရေးအသိုက်အဝန်းကနေ သိရပါတယ်။