Home
မြန်မာသတင်း
ပုဂ္ဂလိကကျောင်းများတွင် CDM ဆရာများကို အလုပ်မခန့်ရန် ထပ်မံညွှန်ကြား
DVB
·
October 25, 2023
CDM Teachers_25102023

ရန်ကုန်မြို့က ပုဂ္ဂလိကကျောင်းနဲ့ ကိုယ်ပိုင်အထက်တန်းကျောင်းတွေမှာ CDM ဆရာ ဆရာမတွေကို အလုပ်ခန့်ထားခြင်း မပြုလုပ်ဖို့အတွက် စစ်ကောင်စီက အောက်တိုဘာ လဆန်းပိုင်းမှာ ညွှန်ကြားချက်တစောင် ထပ်မံထုတ်ပြန်ခဲ့ကြောင်း ပုဂ္ဂလိကကျောင်းနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။

ရန်ကုန်မြို့မှာ ပုဂ္ဂလိကကျောင်း ဖွင့်လှစ်ထားတဲ့ မိသားစုနဲ့ နီးစပ်သူတဦးက “စာထဲမှာ ရေးထားတာက ကိုယ်ပိုင်ကျောင်းနဲ့ ပုဂ္ဂလိကကျောင်းတွေမှာ စာသင်နေကြတဲ့ ဆရာ ဆရာမတွေကို နိုင်ငံရေးနဲ့ လုံးမပတ်သက်ပါဘူးဆိုပြီး ခံဝန်လက်မှတ်တွေ ထိုးခိုင်းတယ်။ CDM လုပ်ထားတဲ့ ဆရာ ဆရာမတွေ အလုပ်လာလျှောက်ရင်လည်း လုံးဝမခန့်ဖို့နဲ့ သူတို့ကို ချက်ချင်းအကြောင်းဖို့ပေါ့။ ပျက်ကွက်ခဲ့တာတို့ သူတို့ဘက်က စစ်ဆေးတွေ့ရှိတာတို့ ဆိုရင်တော့ လူလည်းအဖမ်းခံရမယ်၊ ကျောင်းကိုလည်း ပိတ်မယ်ဆိုပြီး ရေးထားတာပါ” လို့ ပြောပါတယ်။

စစ်တပ်က အာဏာသိမ်းတဲ့အပေါ် CDM ပြုလုပ်ခဲ့တဲ့အတွက် ရာထူးကထုတ်ပယ်ခံခဲ့ရတဲ့ ဆရာ ဆရာမတွေကို နေပြည်တော် အပါအဝင် တိုင်းဒေသကြီး ပြည်နယ်တွေက ကိုယ်ပိုင် ပုဂ္ဂလိက စာသင်ကျောင်းတွေမှာ အလုပ်မခန့်အပ်ဖို့ စစ်ကောင်စီက မေလ ၂၇ ရက် ရက်စွဲနဲ့ ညွှန်ကြားချက်ကို ပထမအကြိမ် ထုတ်ပြန်ခဲ့သေးကြောင်း သိရပါတယ်။

လက်ရှိ ပုဂ္ဂလိကကျောင်းနဲ့ ကိုယ်ပိုင်အထက်တန်းကျောင်းတွေမှာ အလုပ်လုပ်နေကြတဲ့ ဆရာ ဆရာမတွေအနေနဲ့ တလဝင်ငွေ ငါးသိန်းအထက် ရရှိနေကြောင်းနဲ့ စစ်ကောင်စီရဲ့ ပညာရေးစနစ်ကို တိုက်ဖျက်ပြီး CDM ပြုလုပ်သွားကြတဲ့ ဆရာ ဆရာမတွေမှာ စားဝတ်နေရေး ကျပ်တည်းတာနဲ့ ဖမ်းဆီးခံရမယ့် အန္တရာယ်တွေကိုလည်း စိုးရိမ်စိတ်နဲ့ နေထိုင်နေရကြောင်း CDM ပြုလုပ်ထားတဲ့ ဆရာမတဦးက ပြောပါတယ်။

မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာမသိမ်းမီအချိန်ထိ ကျောင်းဆရာ ဆရာမဦးရေမှာ ၄၃၀,၀၀၀ ဝန်းကျင်ခန့် ရှိခဲ့ပြီး စစ်ကျွန်ပညာရေးစနစ်ကို လက်မခံလို့ CDM ပြုလုပ်သွားတဲ့ ဆရာ ဆရာမ ၁၂၅,၀၀၀ ကျော်ကိုလည်း စစ်ကောင်စီက ရာထူးကနေ ရပ်ဆိုင်းခဲ့ပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024