ဂျာမနီကမ်းလွန် မြောက်ဘက်ပင်လယ်ပြင်မှာ ကုန်တင်သင်္ဘော ၂ စင်း တိုက်မိမှုကြောင့် သင်္ဘောသားတဦး သေဆုံးပြီး ၄ ဦး ပျောက်ဆုံးနေကြောင်း ရေကြောင်း အရေးပေါ် အာဏာပိုင်အဖွဲ့က အောက်တိုဘာ ၂၄ ရက်မှာ ပြောကြားခဲ့ပါတယ်။
အသက်ရှင်ကျန်ရစ်တဲ့ အမှုထမ်း ၂ ဦးနဲ့အတူ ရုပ်အလောင်းကို ပြန်လည်တွေ့ရှိခဲ့ကြောင်း အာဏာပိုင်တွေက ပြောပါတယ်။
ပျောက်ဆုံးနေတဲ့ သင်္ဘောသား ၄ ဦးဟာ အသက်ရှင်လျက် ရှိနေနိုင်ပြီး ပင်လယ်ကြမ်းပြင်ရှိ သင်္ဘောအတွင်းမှာ ခိုလှုံနေနိုင်ဖွယ်ရှိကြောင်း သတင်းစာရှင်းလင်းပွဲမှာ ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။
ရေငုပ်သမားအဖွဲ့တဖွဲ့ကလည်း အသက်ရှင်လျက်ရှိနိုင်တဲ့ လက္ခဏာတွေကို ရှာဖွေရေး လုပ်နေကြောင်းလည်း ဆိုပါတယ်။
ဗြိတိန် ကမ်းရိုးတန်း ကုန်တင်သင်္ဘော The Verity ဟာ ရေယာဉ်အမှုထမ်း ၇ ဦးနဲ့အတူ ဘရယ်မင်ကနေ အင်္ဂလိပ်မြို့ အီမင်ဟမ်ကို သွားနေတာဖြစ်ပြီး Verity သင်္ဘောပေါ်မှာ သံမဏိတွေ တင်ဆောင်ထားတဲ့အပြင် ကုန်းပတ်ပေါ်မှာလည်း ဒီဇယ် ၁,၃၀၀ ကုဗမီတာ ပါရှိကြောင်း ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။
ဂျာမန်သင်္ဘော ပိုလေဆီးကတော့ ဟမ်းဘာ့ဂ်ကနေ စပိန်နိုင်ငံ လာကိုရူနာကို ရွက်လွှင့်နေတာပါ။ သင်္ဘောတွေဟာ ဂျာမနီနိုင်ငံ ဟယ်လီဂိုလန်ကျွန်းစုရဲ့ အနောက်တောင်ဘက် ရေမိုင် ၁၂ မိုင်လောက် အကွာမှာ ဂရင်းနစ်စံတော်ချိန် ၃ နာရီလောက်က တိုက်မိတာဖြစ်ပါတယ်။
ပိုလေဆီး သင်္ဘောပေါ်မှာ လူ ၂၂ ဦး လိုက်ပါခဲ့ပြီး ဘယ်သူမှ ထိခိုက်ဒဏ်ရာရခြင်း မရှိခဲ့ကြောင်း ဗဟိုကွပ်ကဲမှုအဖွဲ့က ပြောကြားခဲ့ပါတယ်။
Source/Photo-Reuters