ထိုင်ဝမ်ဒုသမ္မတ လိုင်ချင်းတယ်က Apple နိုင်ငံတကာ ကော်ပိုရေးရှင်းကို ကုန်ကြမ်းတွေ အဓိကတင်သွင်းသူ ဖောက်စ်ကွန်ကုမ္ပဏီအပေါ် စုံစမ်းစစ်ဆေးမှုနဲ့ပတ်သက်ပြီး တရုတ်နိုင်ငံကို အောက်တိုဘာ ၂၄ ရက်မှာ ပြင်းပြင်းထန်ထန် တိုက်ခိုက်ဝေဖန်လိုက်ပါတယ်။
တရုတ်ပြည်မကြီးအစိုးရဟာ ထိုင်ဝမ်ကုမ္ပဏီတွေကို တန်ဖိုးထားသင့်ပြီး ရွေးကောက်ပွဲ ကာလအတွင်း ထိုင်ဝမ်ကုမ္ပဏီတွေကို ဖိအားမပေးဖို့လည်း သူက ပြောလိုက်ပါတယ်။
ထိုင်ဝမ်ကုမ္ပဏီတွေသာ တရုတ်နိုင်ငံအပေါ် ယုံကြည်မှုဆုံးရှုံးသွားပြီး စိုးရိမ်လာရင် ထုတ်လုပ်မှုကို တခြားနေရာဆီ ရွှေ့ပြောင်းသွားလိမ့်မယ်လို့လည်း လိုင်က တိုင်ပေမြို့တော်မှာ လုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့ပါတယ်။
ဖောက်စ်ကွန်ကုမ္ပဏီဟာ တရုတ်နိုင်ငံထဲမှာ အခွန်ကိစ္စ စုံစမ်းစစ်ဆေးမှုနဲ့ ရင်ဆိုင်နေရတယ်လို့ ကုမ္ပဏီနဲ့နီးစပ်တဲ့ သတင်းရင်းမြစ်နှစ်ခုက တရုတ်အစိုးရ ကျောထောက်နောက်ခံပြု ဂလိုဘယ်တိုင်းမ်စ် သတင်းဌာနသတင်းကို အတည်ပြုရင်း ပြောပါတယ်။
တရုတ်နိုင်ငံအတွင်း အာဏာပိုင်တွေက ဒီစုံစမ်းစစ်ဆေးမှုကို အတည်မပြုပေးသေးသလို နိုင်ငံထဲမှာ နောက်ထပ် တခြားမီဒီယာတွေက ဖော်ပြတာလည်း မရှိသေးပါဘူး။
“ကမ္ဘာ့အင်အားကြီးနိုင်ငံ” လို့ ပြောထားတဲ့ တရုတ်နိုင်ငံက စုံစမ်းစစ်ဆေးမှုကို ရှင်းပြသင့်တယ်လို့ ရွေးကောက်ပွဲအများအပြားမှာ လိုင်ပြီးရင် ဒုတိယနေရာမှာ ရှိနေပြီး ထိုင်ဝမ် ပြည်သူ့ပါတီအတွက် သမ္မတလောင်းအဖြစ် အရွေးခံမယ့် တိုင်ပေမြို့တော်ဝန်ဟောင်း ခို့ဝမ်းကျယ်က သီးခြားပွဲစဉ်တခုမှာ ပြောခဲ့ပါတယ်။
Source/Photo-Reuters