ရန်ကုန်တိုင်း၊ ရွှေပြည်သာမြို့နယ် ရပ်ကွက်တချို့မှာ ခရစ်ယာန်ဘာသာဝင် အသင်းတော်တွေရဲ့ နေအိမ်ဘုရားဝတ်ပြုခွင့်ကို စစ်ကောင်စီခန့် ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေက ပိတ်ပင်နေတယ်လို့ ရွှေပြည်သာမြို့ခံတွေက ပြောပါတယ်။
အောက်တိုဘာ ၂၀ ရက်လောက်ကစပြီး ရွှေပြည်သာမြို့နယ် ရပ်ကွက်တချို့က နေအိမ်မှာ ဘုရားဝတ်ပြုသူတွေကို ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေက ဘုရားဝတ်မပြုကြဖို့ လာရောက်အကြောင်းကြားခဲ့တာ ဖြစ်ပါတယ်။
ရွှေပြည်သာမြို့က ခရစ်ယာန်ဘာသာဝင်တဦးက “ရင်ထဲမှာတော့ အရမ်းစိတ်ထိခိုက်ရပါတယ်၊ ကျနော်တို့ ဘုရားရှိခိုးတယ်ဆိုတာ နိုင်ငံရေးလည်းမလုပ်ဘူး၊ ဘုရားဆီမှာ ဆုတောင်းကြတာ။ ဘယ်သူ့အတွက်မှလည်း အနှောင့်အယှက် မဖြစ်ပါဘူး” လို့ ပြောပါတယ်။
ရပ်ကွက်ထဲက ဘာသာရေးခေါင်းဆောင်တွေရဲ့နေအိမ်မှာ ခရစ်ယာန်ဘာသာဝင် သက်ကြီးရွယ်အို၊ ကိုယ်အင်္ဂါမသန်စွမ်းသူ၊ စက်ရုံဝန်ထမ်း စတဲ့သူတွေ လူစုပြီး တနင်္ဂနွေနေ့မှာ ဘုရားဝတ်ပြုကြတာကို တားမြစ်လိုက်တာ ဖြစ်ပါတယ်။
ချင်းလူ့အခွင့်အရေးအဖွဲ့ CHRO တာဝန်ခံက “အာဏာသိမ်းပြီးနောက်ပိုင်းမှာ ဘာသာရေးကို ခုတုံးလုပ်ပြီး သူတို့လိုချင်တဲ့ အာဏာကို တည်မြဲအောင်လုပ်နေတယ်။ လူနည်းစုဘာသာတွေကို ပစ်မှတ်ထား တိုက်ခိုက်နေတယ်” လို့ ပြောပါတယ်။
ရွှေပြည်သာမြို့နယ်ထဲက ခရစ်ယာန်ဘာသာဝင်တွေဟာ လက်လုပ်လက်စား လူတန်းစားတွေ ဖြစ်ပြီး ငွေကြေးအဆင်မပြေကြလို့ မြို့ပေါ်ဘုရားကျောင်းတွေမှာ သွားရောက်ဘုရားဝတ်ပြုဖို့ အခက်အခဲတွေ ရှိနေတယ်လို့ သိရပါတယ်။