အမေရိကန်ပြည်ထောင်စုနဲ့ လက်တွေ့ကျတဲ့ ပူးပေါင်းဆောင်ရွက်မှု တိုးချဲ့ဖို့နဲ့ နှစ်နိုင်ငံ ဆက်ဆံရေး ကောင်းကောင်းမွန်မွန် ပြန်ထူထောင်နိုင်ရေး ကွဲပြားချက်တွေကို စီမံခန့်ခွဲဖို့ တရုတ် နိုင်ငံခြားရေးဝန်ကြီးဌာနက အမေရိကန်ပြည်ထောင်စုကို အောက်တိုဘာ ၂၄ ရက်မှာ တောင်းဆိုခဲ့ပါတယ်။
တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိဟာ အောက်တိုဘာ ၂၆ ရက်ကနေ ၂၈ ရက်အထိ အမေရိကန်နိုင်ငံဆီ သွားမယ်လို့လည်း တရုတ် နိုင်ငံခြားရေးဝန်ကြီးဌာနက အတည်ပြုခဲ့ပါတယ်။
ဝမ်ယိဟာ မြို့တော် ဝါရှင်တန်ဆီ သွားမှာဖြစ်ပြီး အမေရိကန် နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလင်ကန်၊ သမ္မတ ဂျိုးဘိုင်ဒင်ရဲ့ အမျိုးသားလုံခြုံရေးအကြံပေး ဂျိတ်ခ် ဆူလီဗန်တို့နဲ့လည်း တွေ့မယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။
ဒီခရီးစဉ်ဟာ နိုဝင်ဘာလမှာ ဆန်ဖရန်စစ္စကိုမြို့မှာ တရုတ်ခေါင်းဆောင် ရှီကျင့်ဖျင်နဲ့ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်တို့ မတွေ့ခင် လူချင်းထိတွေ့ဆက်ဆံမှု အဆင့်အမြင့်ဆုံး ခရီးစဉ်ပါ။
ဘလင်ကန် အပါအဝင် အမေရိကန် ထိပ်တန်းအရာရှိ အများအပြားဟာ အခုနွေရာသီမှာ ပေကျင်းမြို့တော်ဆီ လာရောက်လည်ပတ်ပြီးတဲ့နောက် ကာလရှည်ကြာ စောင့်မျှော်ခဲ့ရတဲ့ အပြန်အလှန် လည်ပတ်မှုလည်း ဖြစ်လာပါတယ်။
Source/Photo-Reuters