
အင်္ဂလန်ချန်ပီယံရှစ်ပြိုင်ပွဲမှာ ထိပ်တန်းအဆင့် နည်းပြတွေတောင် ရုန်းကန်ရနိုင်တယ်လို့ ဘာမင်ဂမ် နည်းပြသစ်ဝိန်းရွန်းနီက ပြောပါတယ်။
ရွန်းနီဟာ ဒါဘီနဲ့ ဒီစီယူနိုက်တက်အသင်းတွေကို တာဝန်ယူခဲ့ပြီးနောက် ချန်ပီရှစ်ကလပ် ဘာမင်ဂမ်စီးတီးအသင်းဆီ ပြောင်းရွှေ့တာဝန်ယူနေတာပါ။
ဘာမင်ဂမ် နည်းပြဘဝ ပထမဆုံးလိဂ်ပွဲစဉ်မှာ မိုက်ကယ်ကာရစ်ရဲ့ မစ်ဒယ်ဘရော့အသင်းကို ၂ ဂိုး ၁ ဂိုးနဲ့ ရှုံးပွဲ တွေ့ခဲ့ပါတယ်။
ထိပ်တန်းနည်းပြတွေဟာ ချန်ပီယံရှစ်ပြိုင်ပွဲဆီ ဆင်းပြီးတာဝန်ယူကြတာကို မြင်တွေ့ရမှာ မဟုတ်ကြောင်း၊ ဘာကြောင့်လဲဆိုတော့ ချန်ပီယံရှစ်က ခက်ခဲပြီး အသားကျဖို့ လိုအပ်တာကြောင့်ဖြစ်ကြောင်း ဝိန်းရွန်းနီက ပြောပါတယ်။
ဝိန်းရွန်းနီက “ဒီလိဂ်မှာ ကမ္ဘာ့အကောင်းဆုံးကစားသမားတွေ မရှိဘူးဆိုတော့ ဂိုးဧရိယာအပြင်ဘက်မှာပဲ ဘယ်လို ကစားမလဲဆိုတာ စဉ်းစားရပါတယ်။ ချန်ပီယံရှစ်က ခက်ခဲတဲ့ လိဂ်တစ်ခု ဖြစ်ပါတယ်” ပြောပါတယ်။
ကစားသမားဘဝမှာ ထိပ်တန်း တိုက်စစ်မှူးတွေနဲ့ တွဲဖက်ကစားခဲ့ရပေမဲ့ နည်းပြဘဝမှာတော့ ကွဲပြားခြားနားမှုတွေရှိကြောင်း ရွန်းနီက သုံးသပ်သွားပါတယ်။
Photo-Reuters