ဧရာဝတီတိုင်း၊ ဓနုဖြူနဲ့ ကျုံပျော်မြို့နယ်တို့မှာ ရိတ်သိမ်းပြီးတဲ့ စပါးတွေကို နေထုတ်လှန်းတဲ့ လယ်သမားတွေကို ရဲတပ်ဖွဲ့က ဖမ်းဆီးပြီး ငွေကြေးတောင်းခံနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ဓနုဖြူမြို့နယ်က ကျေးရွာတချို့မှာ ရိတ်သိမ်းပြီးတဲ့ စပါးတွေကို ကားလမ်းမပေါ် နေထုတ်လှမ်းရာ ညပိုင်း စပါးတွေကို ပြန်သိမ်းနေချိန် ရဲတွေရောက်လာပြီး ဖမ်းဆီးတာတွေရှိတယ်လို့ ရေကျော်ကျေးရွာနေသူတဦးက ဒီဗွီဘီကို ပြောပါတယ်။
“စပါးနေလှန်းပြီး ညဘက်ပြန်သိမ်းရင် ရဲတွေရောက်လာတယ်။ တခါတလေ စစ်တပ်လည်း ပါတယ်။ စပါးသိမ်းနေတာ တွေ့ရဲ့သားနဲ့ ဖမ်းတာ။ ဘာအပြစ်မှမရှိဘဲနဲ့ ရဲစခန်းရောက်ရင် ပိုက်ဆံတောင်းပြီး ပြန်လွှတ်တာ။ သုံးသိန်းကနေ ငါးသိန်းအထိ ပေးရတယ်။”
ဓနုဖြူမြို့နယ်အတွင်းရှိ ကျုံတနီးအရှေ့ဘက်ကမ်း၊ ရေကျော်၊ ကျားခေါင်း၊ အကျော်ကျေးရွာတွေမှာ ရိတ်သိမ်းပြီးခါစ စပါးတွေကို နေထုတ်လှမ်းတဲ့ လယ်သမားတွေကို ရဲက ဖမ်းဆီးဒဏ်ငွေရိုက်တာဖြစ်တယ်လို့ လယ်သမားတွေဆီက သိရပါတယ်။
အလားတူ ကျုံပျော်မြို့နယ်မှာလည်း စပါးနေထုတ်လှန်းတဲ့ လယ်သမားတွေကို ရဲတွေက ဖမ်းကာ ငွေကြေးတောင်းပြီး ပြန်လွှတ်တယ်လို့ မန်းစက္ကူကျေးရွာနေသူတဦးက ဒီဗွီဘီကို ပြောပါတယ်။
“စပါးစိုရင် ပေါင်ပိုပေးရတော့ လယ်သမားတွေက နေလှန်းပြီးမှ ရောင်းကြတာ။ ကားလမ်းမပေါ်မှာပဲ လှမ်းတာ၊ တခါတလေ လှမ်းထားတဲ့စပါးကို ပြန်မရုပ်ဘဲ ညအိပ်စောင့်ရင် ရဲကဖမ်းရော။ ဘာပုဒ်မနဲ့ဖမ်းတာလဲဆိုတော့ မပြောဘူး။ ရဲစခန်းရောက်ရင် ငွေပေးပြီး ပြန်ထွက်လာရတယ်။”
ကျုံပျော်မြို့နယ်မှာတော့ ကျုံပျော်အနောက်ဘက်ကမ်း၊ မန်းစက္ကူ၊ မင်းတစု၊ ကျုံတနီးကျေးရွာ ကားလမ်းမပေါ်မှာ စပါးနေထုတ်လှန်းတဲ့ လယ်သမားတွေကို ဖမ်းပြီး ငွေကြေးတောင်းခံတာလို့ ဒေသခံတွေဆီက သိရပါတယ်။
လယ်သမားတွေကို အခုလို ဖမ်းဆီးရတာမှာ ဓနုဖြူမြို့နယ်နဲ့ ကျုံပျော်မြို့နယ် ရဲစခန်းက မြို့နယ်မှူးတွေက တလ အမှု ၅ မှု ပေးရမယ်လို့ ပြောဆိုပြီးနောက် ရဲတပ်ဖွဲ့ဝင်တွေက ကြုံရာလူကို ဖမ်းတာလို့ အုပ်ချုပ်ရေးနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။
ဓနုဖြူနဲ့ ကျုံပျော်မြို့နယ်ဟာ ကျုံတနီးအရှေ့ဘက်ကမ်းနဲ့ အနောက်ဘက်ကမ်းကို ဆက်သွယ်ထားတဲ့ တံတားရှိပြီး နယ်နိမိတ်ချင်း ထိစပ်နေတဲ့ မြို့နယ်လည်း ဖြစ်ပါတယ်။