စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့၊ ဒါးဝယ်ဈေးရပ်ကွက်က လူနေအိမ်ရှေ့တည့်တည့်လမ်းမှာ အောက်တိုဘာ ၂၃ ရက် နေ့လယ် ၂ နာရီလောက်က ချထားတဲ့ပန်းခြင်းကို ဖယ်ရှားရာကနေ ပေါက်ကွဲမှုဖြစ်ပြီး အိမ်ရှင်လင်မယား အပြင်းအထန် ထိခိုက်ဒဏ်ရာ ရသွားတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။
မြို့ခံတဦးက “အသက် ၅၀ ဝန်းကျင်ရှိတဲ့ လင်မယား နှစ်ယောက် အပြင်ကနေ ပြန်လာချိန် အိမ်ရှေ့မှာ ပန်ခြင်းချထားတာကို တွေ့လို့ ဘေးကိုဖယ်တဲ့အချိန် ပေါက်ကွဲသွားတာ” လို့ ဒီဗွီဘီကို ပြောပါတယ်။
ပေါက်ကွဲမှုကြောင့် လင်မယား ၂ ဦး ထိခိုက်ဒဏ်ရာတွေ ရရှိခဲ့ပြီး ဇနီးဖြစ်သူ အမျိုးသမီးမှာ ခြေထောက်ပြတ် ဒဏ်ရာပြင်းထန်ရရှိ စိုးရိမ်ရကာ ဘယ်အဖွဲ့က ပြုလုပ်တယ်ဆိုတာ မသိရသေးဘူးလို့ ဒေသခံက ဆိုပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင်လအတွင်းကလည်း အေးမြဝတီရပ်ကွက်မှာ အသက် ၈၀ ဝန်းကျင်ရှိ အုပ်ချုပ်ရေးမှူး ၁ ဦး သေနတ်နဲ့ ပစ်ခတ်ခံရပြီး သေဆုံးခဲ့ကာ ဘယ်အဖွဲ့က ပစ်တယ်ဆိုတာ အခုထိ မသိရှိရဘူးလို့ မြို့ခံတဦးက ပြောပါတယ်။