အခုနှစ် ကျိုက်ထီးရိုးဘုရားဖူးကာလမှာ စစ်ကောင်စီတပ်ဖွဲ့တွေနဲ့ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တွေရဲ့ တိုက်ပွဲတွေကြောင့် ဘုရားဖူးတွေ မလာရောက်မှာကို စိုးရိမ်နေတယ်လို့ ကျိုက်ထီးရိုးဒေသခံတွေက ပြောပါတယ်။
ကျိုက်ထီးရိုးဘုရားပွဲကို သီတင်းကျွတ်လပြည့်နေ့ အောက်တိုဘာ ၂၉ ရက်မှာ စတင်ကျင်းပမှာဖြစ်ပြီး အောက်တိုဘာ ၂၂ ရက်က စစ်ကောင်စီနဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲကြောင့် ဘုရားဖူး မဝင်ရောက်မှာကို စိုးရိမ်နေတယ်လို့ ဒေသခံတဦးက ပြောပါတယ်။
“ဘုရားပွဲက ၂၉ ရက်နေ့စမှာကို အခုတိုက်ပွဲဖြစ်သွားတော့ ဘုရာဖူးတက်လာဖို့ အရမ်းမျှော်လင့်လို့ မရတော့ဘူး။ အဲ့နေ့က ရှိသမျှ ဘုရားဖူးလေးတွေတောင် အကုန်ပြန်သွားတယ်။ နိုင်ငံရေးအခြေအနေကိုလည်း နားလည်ပါတယ်။ ကျိုက်ထီးရိုးကို မှီခိုပြီး စားနေရတော့ ဘုရားဖူးမလာမှာကိုတော့ စိုးရိမ်မိပါတယ်” လို့ ပြောပါတယ်။
ကျိုက်ထီးရိုးကို ဘုရားဖူးမဝင်ရောက်တာ ၄ နှစ်နီးပါး ရှိနေပြီဖြစ်တာကြောင့် ကျိုက်ထီးရိုးကို မှီခိုပြီး စားနေရတဲ့ ကျိုက်ထီးရိုးတောင်ခြေ (ကင်မွန်းစခန်းကျေးရွာ) နဲ့ တောင်ပေါ်ရှိ ဒေသခံတွေဟာ စားဝတ်နေရေး ကျပ်တည်းမှုတွေ ရှိလာနေတယ်လို့ ဈေးသည်တဦးက ပြောပါတယ်။
“ကျိုက်ထိုတမြို့လုံးက ကျိုက်ထီးရိုးဘုရားကို သွယ်ဝိုက်သောနည်းနဲ့ ဒါမှမဟုတ် တိုက်ရိုက်နည်းနဲ့ အကုန်မှီခိုနေကြတာပဲ။ ဘုရားဖူးလည်း မဝင်လာတော့ အကုန်ခက်ခဲကုန်ကြတာပေါ့။ တောင်ပေါ်ဒေသခံတွေနဲ့ ကင်မွန်းစခန်းကျေးရွာမှာ ရှိတဲ့သူတွေကတော့ အများကြီး ပိုခက်ခဲတာပေါ့။ နိုင်ငံရေးအခြေအနေတွေလည်း ဘယ်အချိန်မှ တည်ငြိမ်တော့မလည်း မသိတော့ပါဘူး။”
ကျိုက်ထီးရိုးဘုရားတောင်ပေါ်ရှိ ဒေသခံလူငယ်အများစုဟာ စားဝတ်နေရေး ခက်ခဲတာကြောင့် နိုင်ငံခြားကို သွားရောက် အလုပ်လုပ်ကိုင်နေရသလို တချို့ကလည်း ကျိုက်ထိုမြို့ပေါ် ဆင်းပြီးတော့လည်း ကြုံရာကျပန်း လုပ်ကိုင်နေရတယ်လို့ သူက ဆက်ပြောပါတယ်။
စစ်ကောင်စီအနေနဲ့ ဘုရားကို အမှီပြုပြီး တော်လှန်ရေးအင်အားစုရှိရာ နေရာတွေကို စစ်ကြောင်းထိုးလေ့ရှိတာကြောင့် အခုလိုကာလမှာ ဘုရားဖူးပြည်သူတွေအနေနဲ့ လာရောက်ဖို့ မသင့်ဘူးလို့ တော်လှန်ရေးရဲဘော်တဦးက ပြောပါတယ်။
“ဘုရားပေါ်မှာ လက်နက်ကြီးထိုင်ထားပြီး အနီးနား ကျေးရွာတွေကို ပစ်ခတ်နေသလို အင်အား ၃၀၀ လောက်ထိုင်ပြီး တော်လှန်ရေးအဖွဲ့တွေကို စစ်ကြောင်းထိုးနေတယ်။ သူတို့ဂိတ်တွေနဲ့ ရဲစခန်းကို သွားတိုက်တဲ့အခါ သူတို့ရမ်းပစ်လို့ ပြည်သူတွေထိရင် ကျနော့်အတွက် မကောင်းပါဘူး။ ဒီချိန်ကာလက ဘုရားဖူးလို့ကောင်းတဲ့အချိန် မဟုတ်တဲ့အတွက် အိမ်မှာပဲနေကြဖို့ တိုက်တွန်းချင်ပါတယ်။”
သီတင်းကျွတ်လပြည့်နေ့မှ ကဆုန်လပြည့်နေ့အထိ ကျင်းပတဲ့ ကျိုက်ထီးရိုးဘုရားဖူး ရာသီကို ကိုဗစ်မတိုင်ခင်က ဘုရားဖူး တနှစ်ကို ပျမ်းမျှ သိန်း ၃၀ ကျော် လာရောက်လေ့ရှိပေမဲ့ ကိုဗစ်ကာလနဲ့ စစ်အာဏာသိမ်းပြီးနောက်ပိုင်း တနှစ် ပျမ်းမျှ ၂ သိန်းနီးပါးသာ ရှိတော့တယ်လို့ ဘဏ္ဍာထိန်းဂေါပကအဖွဲ့ ထုတ်ပြန်မှုတွေအရ သိရပါတယ်။