Home
အနုပညာ
လီယိုနာဒို ဇာတ်ကားသစ်နှင့် Rolling Stones ဖျော်ဖြေပွဲအပါအဝင် တပတ်အတွင်း အနုပညာသတင်း
DVB
·
October 24, 2023
WeeklyArtNews_24102023
walk-of-fame_24102023
Leonado_24102023
Rolling-Stone_24102023
Meryl-Streep-Haruki-Murakami-Princess-of-Asturias-award_24102023

  • အဆိုတော်ဂွင်းစတက်ဖနီ ဟောလိဝုဒ် Walk of Fame ၌ ကြယ်ပွင့်ဖြင့် ဂုဏ်ပြုခံရ

ခုတပတ်မှာတော့ အမေရိကန်နာမည်ကြီး အဆိုတော် ဂွင်းစတက်ဖနီဟာ ဟောလိဝုဒ် ကျော်ကြားသူတွေ လျှောက်ရာလမ်းလို့ နာမည်ကြီးတဲ့ Walk of Fame မှာ ကြယ်ပွင့်နဲ့ ဂုဏ်ပြုခံခဲ့ရပါတယ်။

အသက် ၅၄ နှစ်အရွယ် အဆိုတော်ဟာ ခင်ပွန်းဖြစ်သူ အဆိုတော် ဘလိတ်ခ်ရှယ်လ်တန်၊ သား ၃ ယောက်နဲ့အတူ လော့စ်အိန်ဂျလိစ်မြို့မှာ ကျင်းပတဲ့ ဒီအခမ်းအနားကို တက်ရောက်ခဲ့တာပါ။

ဂွင်း စတက်ဖနီဟာ လွန်ခဲ့တဲ့ ၁၉၈၆ ခုနှစ်ကတည်းက ကယ်လီဖိုးနီးယား အခြေစိုက် ရော့ခ်တေးဂီတအဖွဲ့အဖြစ် စတင်ခဲ့တဲ့ No Doubt အဖွဲ့မှာ အစ်ကိုဖြစ်တဲ့ အဲရစ်ခ် စတက်ဖနီနဲ့အတူ တေးသံရှင်တယောက်အနေနဲ့ ဂီတလောကဆီ ရောက်ရှိလာခဲ့တာပါ။

အဲဒီနောက် ၁၉၉၅ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ No Doubt အဖွဲ့ရဲ့ Tragic Kingdom မှာ Just a Girl, Spiderwebs နဲ့ Don't Speak စတဲ့ သူ့ရဲ့ သီချင်းတွေနဲ့ ကျော်ကြားလာခဲ့တာ ဖြစ်ပါတယ်။

ဂီတအဖွဲ့ ရပ်ဆိုင်းသွားချိန်မှာတော့ စတက်ဖနီဟာ သူ့ရဲ့ ပွဲဦးထွက် စတူဒီယိုအယ်လ်ဘမ် Love. Angel. Music. Baby. ကို ၂၀၀၄ ခုနှစ်မှာ ထွက်ရှိခဲ့ပြီး တကိုယ်တော် ပေါ့ပ်ဂီတလမ်းကြောင်းကို စတင်ခဲ့ကာ နောက်ပိုင်းမှာ The Sweet Escape (2006) ၊ This Is What the Truth Feels Like (2016) ၊ You Make It Feel Like Christmas (2017) စတဲ့ တကိုယ်တော် တေးအယ်လ်ဘမ်တွေ ထွက်ရှိခဲ့ပြီး အောင်မြင်မှု မှတ်တိုင်တွေ စိုက်ထူနိုင်ခဲ့တဲ့အပြင် ရုပ်သံသရုပ်ဆောင်အဖြစ်လည်း ပရိသတ်တွေ အသိအမှတ်ပြုခံရတဲ့ အနုပညာရှင်တယောက် ဖြစ်ခဲ့ပါတယ်။

လတ်တလောမှာတော့ စတက်ဖနီဟာ ကမ္ဘာ့ဂီတလောကရဲ့ နာမည်ကြီး ဂရမ်မီဆု ၃ ဆု အထိ ရရှိထားခဲ့ပြီး တခြားသော တေးဂီတဆိုင်ရာ ဆုတွေဖြစ်တဲ့ American Music Award, Brit Award, World Music Award နဲ့ Billboard Music Awards တွေကိုပါ ရရှိထားခဲ့ပြီ ဖြစ်ပါတယ်။ 

နာမည်ကျော် Billboard magazine ကတော့ စတက်ဖနီကို ၅၄ ယောက်မြောက် အအောင်မြင်ဆုံး အနုပညာရှင်အဖြစ် ရွေးချယ်ဖော်ပြခဲ့သလို ၂၀၀၀ ပြည့်နှစ်ကနေ ၂၀၀၉ ခုနှစ်အထိ ဆယ်စုနှစ်တခုတာအတွင်း ရေပန်းစား အနုပညာရှင် ၁၀၀ စာရင်းမှာ ၃၇ ယောက်မြောက် အနုပညာရှင်အဖြစ်လည်း ဖော်ပြခဲ့တာပါ။

  • လီယိုနာဒိုနှင့် ရောဘတ်ဒီနီရိုးတို့ ခေါင်းဆောင် ပါဝင်သည့် Killers of the Flower Moon ရုပ်ရှင် နာမည်ကြီးနေ

နာမည်ကြီး ဟောလိဝုဒ် ဝါရင့်သရုပ်ဆောင်မင်းသားကြီးတွေ ဖြစ်ကြတဲ့ လီယိုနာဒို ဒီကာပရီယိုနဲ့ ရောဘတ်ဒီနီရိုးတို့ ခေါင်းဆောင်ပါဝင်ထားကြတဲ့ Killers of the Flower Moon ရုပ်ရှင် ထွက်ရှိလာပါတယ်။

ဒီကားကိုတော့ Who's That Knocking at My Door (1967) ၊ Taxi Driver (1976) ၊ Goodfellas (1990) ၊ The Aviator (2004) ၊ The Departed (2006) ၊ The Wolf of Wall Street (2013) နဲ့ The Irishman (2019) တို့လို နာမည်ကျော် ရုပ်ရှင်တွေကို ဖန်တီးခဲ့တဲ့ အော်စကာဆုရ ရုပ်ရှင်ဒါရိုက်တာ မာတင် စကော့စေးစေးက ရိုက်ကူးပုံဖော် ပေးထားတာ ဖြစ်ပြီးတော့ Paramount Pictures နဲ့ Apple Original Films တို့ကနေ ပူးပေါင်း တင်ဆက်လိုက်တာပါ။

၁၉၂၀ ပြည့်နှစ်ကာလတွေတုန်းက ရေနံတွင်းတွေ ပိုင်ဆိုင်ထားတဲ့ အမေရိကန် Native မျိုးနွယ်စုတခုဖြစ်တဲ့ Osage မျိုးနွယ်ဝင်တွေ လုပ်ကြံသတ်ဖြတ်ခံရမှုနဲ့ အဲဒီသတ်ဖြတ်မှုတွေကို စုံစမ်းထောက်လှမ်းမယ့်အကြောင်းတွေ အပါအဝင် Osage ‌တွေဘက်က ရှုထောင့်အမြင်အပေါ် ဇာတ်အိမ်တည်ထားတဲ့ ဒီရုပ်ရှင်ကတော့ Killers of the Flower Moon အမည်နဲ့ပဲ ထုတ်ဝေခဲ့တဲ့ အမေရိကန် စာရေးဆရာ ဂျာနယ်လစ် David Grann ရဲ့ စာအုပ်ကို အခြေခံ ရိုက်ကူးထားခဲ့တာ ဖြစ်ပါတယ်။

ဘတ်ဂျတ် အမေရိကန်ဒေါ်လာ သန်း ၂၀၀ အကုန်အကျခံ ရိုက်ကူးထားခဲ့တဲ့ ဒီကားထဲမှာတော့ လီယိုနာဒို ဒီကာပရီယိုနဲ့ ရောဘတ် ဒီနီရိုးတို့အပြင် သရုပ်ဆောင်မင်းသမီး လီလီ ဂလက်ဒ်စတုန်းကလည်း ခေါင်းဆောင်ပါဝင်ထားတာပါ။

ကြာမြင့်ချိန် ၂၀၆ မိနစ်ရှိတဲ့ ဒီကားကိုတော့ ပြီးခဲ့တဲ့ အောက်တိုဘာ ၂၀ ရက်မှာ ရုံတင်ပြသခဲ့တာဖြစ်ပြီး အနုပညာဝေဖန်ရေးသမားတွေရော ပရိသတ်တွေကြားမှာပါ အားပေးမှုတွေ ရရှိထားခဲ့ကာ Box Office မှာ ဝင်ငွေ ရက်ပိုင်းအတွင်း ၄၄ သန်းကျော် ရရှိထားခဲ့ပြီ ဖြစ်ပါတယ်။

ဒီကားဟာ IMDb မှာတော့ Rating 8.2 အထိ ရရှိထားခဲ့ပြီး Rotten Tomatoes မှာတော့ Audience Score 95% အထိ ရရှိထားတာ ဖြစ်ပါတယ်။

  • Rolling Stones တေးဂီတအဖွဲ့ရဲ့ တေးအယ်လ်ဘမ်သစ်ထွက်ရှိမှု သီးသန့်ဖျော်ဖြေပွဲ

ဗြိတိန် နာမည်ကြီး ရော့ခ်တေးဂီတ အဖွဲ့တဖွဲ့ဖြစ်တဲ့ Rolling Stones အဖွဲ့က သူတို့ရဲ့ နောက်ဆုံးထွက် တေးအယ်လ်ဘမ်သစ် Hackney Diamonds ထွက်ရှိတဲ့ အထိမ်းအမှတ် နယူး‌ယောက်မြို့လယ်ကောင်က Manhattan Club မှာ သီးသန့် ဖျော်ဖြေမှုတခုကို ကြိုတင်ကြေညာမထားဘဲ ပြုလုပ်ခဲ့ပါတယ်။

အံ့အားသင့်ဖွယ် ဒီဖျော်ဖြေမှုမှာတော့ တေးအယ်လ်ဘမ်သစ်ထဲက သီချင်း ၄ ပုဒ်အပါအဝင် သီချင်း ၇ ပုဒ်နဲ့ ဖျော်ဖြေခဲ့ကြတာဖြစ်ပြီး နာမည်ကျော် အဆိုတော် တယောက် ဖြစ်တဲ့ လေဒီဂါဂါနဲ့လည်း အယ်လ်ဘမ်ထဲမှာ ပါဝင်တဲ့ သီချင်းတပုဒ် တွဲဖက်သီဆိုခဲ့တာ ဖြစ်ပါတယ်။

နာမည်ကြီး တေးဂီတဂရမ်မီဆုတွေ အပါအဝင် ဆုပေါင်းများစွာ ဆွတ်ခူးရရှိထားတဲ့ Rolling Stones အဖွဲ့ဟာ ၁၉၆၄ ခုနှစ်ကတည်းက ခုချိန်ထိတိုင် ဆယ်စုနှစ် ၇ စုကြာ မြင့်လာခဲ့တဲ့တိုင်အောင် ရော့ခ်ဂီတဖြတ်သန်းမှု သမိုင်းမှတ်တိုင်များစွာကို စိုက်ထူနေဆဲ ဖြစ်ပါတယ်။ 

လက်ရှိမှာတော့ အဖွဲ့စတင်ချိန်ကတည်းက ပါဝင်ခဲ့တဲ့ မစ်ခ်ဂျက်ဂါက ရှေ့ထွက် အဆိုတော်အနေနဲ့ ပါဝင်နေဆဲဖြစ်ကာ ကိတ်သ်ရစ်ချတ်ဒ်စ်နဲ့ ရွန်နီ ဝုဒ်တို့နဲ့အတူ ဆက်လက်ပြီးတော့ အနုပညာလှုပ်ရှားမှုတွေ လုပ်ဆောင်နေဆဲ ဖြစ်ပါတယ်။

ခုအသစ်ထွက်ရှိခဲ့တဲ့ တေးအယ်လ်ဘမ်သစ် Hackney Diamonds ထဲမှာတော့ နာမည် ကျော် အဆိုတော် လေဒီဂါဂါနဲ့ တွဲဖက်သီဆိုထားတဲ့ Sweet Sounds of Heaven အပါ အဝင် တေးသီချင်း ၁၂ ပုဒ်ထိ ပါဝင်နေပြီး အပြုသဘောဆောင်တဲ့ ချီးကျူးမှုတွေနဲ့ ပရိသတ် အားပေးမှုတွေ ရရှိထားပါတယ်။

သီးသန့်ပွဲတခုအနေနဲ့ ကျင်းပခဲ့တဲ့ နယူး‌ယောက်မြို့လယ်ခေါင်က ဒီဖျော်ဖြေပွဲမှာတော့ နာမည်ကျော်တွေ ဖြစ်ကြတဲ့ ဂျိမ်းစ်ဘွန်းမင်းသား ဒန်နီရယ်လ် ခရိတ်ဂျ်၊ လူမည်းသရုပ်ဆောင်နဲ့ အစီအစဉ်တင်ဆက်သူ လူရွှင်တော် ခရစ်စ် ရော့ခ် တို့အပါအဝင် နာမည် ကျော်တွေ အများအပြား ရှိနေခဲ့ကြတယ်လို့ သိရပါတယ်။

  • ဟောလိဝုဒ်မင်းသမီးကြီး Meryl Streep နှင့် စာရေးဆရာ Haruki Murakami တို့ စပိန် Princess of Asturias award ဆုချီးမြှင့်ခံရ

စပိန်တော်ဝင်မိသားစုက ဦးဆောင်ကျင်းပတဲ့ အခုနှစ် ၂၀၂၃ ခုနှစ်အတွက် Princess of Asturias award ဆုချီးမြှင့်ခံရသူတွေထဲမှာ ဟောလိဝုဒ် မင်းသမီးကြီး မယ်ရီ စထရိ(ပ်) နဲ့ ဂျပန်နာမည်ကျော် စာရေးဆရာ ဟာရူကီ မူရာကာမိတို့လည်း ပါဝင်ခဲ့ပါတယ်။

ဒီဆုချီးမြှင့်ပွဲကိုတော့ လွန်ခဲ့တဲ့ ၁၉၈၁ ခုနှစ်ကတည်းက နှစ်စဉ် ကျင်းပလာခဲ့တာဖြစ်ပြီး သိပ္ပံပညာ၊ သဘာဝလူမှုသိပ္ပံ၊ ပြည်သူ့ရေးရာကဏ္ဍတွေမှာ ထင်ရှားတဲ့ ကမ္ဘာတဝန်းက တဦးတယောက်ချင်း ဒါမှမဟုတ် အဖွဲ့အစည်းတွေကို အသိအမှတ်ပြုချီးမြှင့်ဖို့ ရည်ရွယ်ခဲ့တာ ဖြစ်ပါတယ်။

အောက်တိုဘာ ၂၀ ရက်က နိုင်ငံမြောက်ပိုင်းက အိုဗီဒိုမြို့မှာ ကျင်းပခဲ့တဲ့ အခုနှစ်ရဲ့ ဆုချီးမြှင့်ပွဲမှာတော့ မယ်ရီ စထရိ(ပ်) က အနုပညာကဏ္ဍနဲ့ မူရာကာမိက စာပေကဏ္ဍတွေမှာ အသီးသီး ရွေးချယ်ချီးမြှင့်ခံခဲ့ရတာ ဖြစ်ကာ ဆုပေါင်း ၁၀ ဆုတိတိ ချီးမြှင့်ခဲ့တာပါ။

အသက် ၇၄ နှစ်အရွယ် ရှိနေပြီဖြစ်တဲ့ သရုပ်ဆောင် မင်းသမီးကြီး မယ်ရီ စထရိ(ပ်) က တော့ လွန်ခဲ့တဲ့ ၁၉၇၅ ခုနှစ် ကာလတွေကတည်းက ခုချိန်ထိတိုင်အောင် ဆယ်စုနှစ်တွေ နဲ့ချီ အနုပညာလှုပ်ရှားမှုတွေ လုပ်ဆောင်နေဆဲဖြစ်သလို သူ ပါဝင်ခဲ့တဲ့ ရုပ်ရှင်တွေနဲ့ အော်စကာထူးချွန်ဆု ၃ ဆုအပါအဝင် တခြားအနုပညာ ထူးချွန်ဆုပေါင်းများစွာ ရရှိထားခဲ့သူ တယောက် ဖြစ်ပါတယ်။

သူပါဝင်သရုပ်ဆောင်ထားတဲ့ ရုပ်ရှင်ကားတွေဟာ အနုပညာအရရော ပရိသတ်အားပေးမှုအရပါ အောင်မြင်ခဲ့ပြီး The Deer Hunter (1978) ၊ Kramer vs. Kramer (1979) ၊ Sophie's Choice (1982) နဲ့ Out of Africa (1985) ရုပ်ရှင်တွေဟာ ထင်ရှားသလို နောက်ပိုင်းရိုက်ကူးခဲ့တဲ့ The Hours (2002) ၊ The Devil Wears Prada (2006) ၊ Doubt (2008) ၊ Mamma Mia! (2008) ၊ Julie & Julia (2009) ၊ It's Complicated (2009), Into the Woods (2014) ၊ The Post (2017) ၊ Little Women (2019) စတဲ့ ရုပ်ရှင်တွေဟာလည်း ပြောစမှတ်ပြုရတဲ့ ရုပ်ရှင်တွေ ဖြစ်ခဲ့ပါတယ်။

နောက်ထပ် စာပေအနုပညာကဏ္ဍနဲ့ ဆုချီးမြှင့်ခံရတဲ့ ဂျပန်ခေတ်ပြိုင်နာမည်ကျော် စာရေးဆရာ မူရာကာမိကတော့ သူ့ရဲ့ တမူထူးခြားတဲ့ ဂျပန်ဘာသာနဲ့ ရေးသားတဲ့ ဝတ္ထုရှည်၊ အက်ဆေး၊ ဝတ္ထုတိုတွေကတဆင့် လူသိများ ထင်ရှားခဲ့တာဖြစ်ပြီး သူ့လက်ရာတွေကို ဘာသာစကား ၅၀ လောက် ပြန်ဆိုပြီး ဂျပန်နိုင်ငံပြင်ပမှာ သန်းနဲ့ချီ ရောင်းချခဲ့ရပါတယ်။

အသက် ၇၄ နှစ်အရွယ် ရှိနေပြီဖြစ်တဲ့ မူရာကာမိရဲ့ ထင်ရှားတဲ့ လက်ရာစာပေတွေထဲမှာတော့ Norwegian Wood (1987) ၊ The Wind-Up Bird Chronicle (1994–95) ၊ Kafka on the Shore (2002) ၊ 1Q84 (2010) ၊ Men Without Women (2014) စတဲ့ စာအုပ်တွေ ပါဝင်နေပြီး ခုချိန်ထိတိုင် စာပေအနုပညာ လှုပ်ရှားမှုတွေ လုပ်ဆောင်နေဆဲ ဖြစ်ပါတယ်။

ဒါ့အပြင် သူဟာ Frank O'Connor International Short Story Award ၊ Franz Kafka Prize နဲ့ Jerusalem Prize လို စာပေဆုတွေလည်း ချီးမြှင့်ခံထားရသလို နာမည်ကျော် The Guardian မဂ္ဂဇင်းကနေ မူရာကာမိကို “သက်ရှိထင်ရှားရှိနေတဲ့ ဝတ္ထုရေးဆရာတွေထဲက ကမ္ဘာ့အကောင်းဆုံး စာရေးဆရာ” တယောက်အဖြစ်လည်း ချီးကျူးခံထားရပါတယ်။

Photo - Reuters

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024