Home
မြန်မာသတင်း
ပြည်တွင်း စက်သုံးဆီ‌ဈေး ပြန်တက်လာ
DVB
·
October 24, 2023
OilShop_12102023

အခုသီတင်းပတ်အတွင်း မြန်မာပြည်တွင်း စက်သုံးဆီဈေးနှုန်းက ၉၂ တလီတာကို ၂,၀၆၅ ကျပ်၊ ၉၅ တလီတာ ၂,၁၆၀ ကျပ်၊ ဒီဇယ်တလီတာ ၂,၄၂၀ ကျပ်နဲ့ ပရီမီယံဒီဇယ် တလီတာကို ၂,၄၂၅ ကျပ်ဖြစ်ပြီး တလီတာကို ကျပ် ၅၀ ဝန်းကျင် ပြန်လည်မြင့်တက်လာပါတယ်။

စင်ကာပူရဲ့ အခြေခံ ရေနံထွက်ကုန်ဈေးနှုန်း  MOPS မြင့်တက်လာတာကြောင့်  မြန်မာပြည်တွင်း စက်သုံးဆီဈေးတွေလည်း အနည်းငယ် ပြန်လည် မြင့်တက်လာတာဖြစ်ပါတယ်။

စစ်ကောင်စီ ဖွဲ့စည်းထားတဲ့ စက်သုံးဆီ တင်သွင်းသိုလှောင် ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေး ကော်မတီက စင်ကာပူနိုင်ငံရဲ့ နေ့စဉ် MOPS ဈေးနှုန်းအပေါ် အခြေခံပြီး စက်သုံးဆီ ရည်ညွှန်းဈေးနှုန်းကို အပတ်စဉ် သတ်မှတ် ထုတ်ပြန်ပေးနေတာ ဖြစ်ပါတယ်။

ပြည်တွင်း စက်သုံးဆီဈေးနှုန်းတွေက ပြီးခဲ့တဲ့ အောက်တိုဘာလဆန်းပိုင်းက စတင်ပြီး တဖြည်းဖြည်း ကျဆင်းလာရာကနေ အခုအခါ စင်ကာပူနိုင်ငံ လောင်စာဈေးနဲ့အတူ ပြန်တက်ရိပ်ပြလာတာပါ။

အငှားယာဉ်မောင်းတဦးက “ဆီဈေးက ဒီတပတ် နည်းနည်းပြန်ကျတယ်။ ဒါပေမဲ့ ကျလည်း ခဏပဲ။ ပြီးရင် ပြန်တက်တာပဲ။ စီးပွားရေးမကောင်းတော့ တော်ရုံလူလည်း တက္ကစီ မစီးနိုင်တော့ဘူး” လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာလဆန်းပိုင်းက ၉၂ တလီတာကို ၁,၉၄၅ ကျပ်၊ ၉၅ တလီတာ ၂,၀၄၅ ကျပ်၊ ဒီဇယ်တလီတာကို ၂,၃၂၅ ကျပ်နဲ့ ပရီမီယံဒီဇယ် တလီတာကို ၂,၃၂၅ ကျပ်ထိ ကျဆင်းခဲ့ပေမဲ့ စက်သုံးဆီဆိုင်တချို့က အကန့်အသတ်နဲ့သာ ရောင်းချခဲ့တာကြောင့် ဝယ်ယူရခက်တဲ့ အခြေအနေတချို့ ဖြစ်ပေါ်ခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ စစ်တပ်အာဏာမသိမ်းခင် အချိန်က ပြည်တွင်း စက်သုံးဆီဈေးနှုန်း‌တွေဟာ တလီတာကို ကျပ် ၇၀၀ ဝန်းကျင်မှာသာ ရှိခဲ့ပါတယ်။ အာဏာသိမ်းပြီးနောက် အဆများစွာ မြင့်တက်လာတဲ့အတွက် သယ်ယူပို့ဆောင်စရိတ်၊ ကုန်ထုတ်လုပ်မှု ကုန်ကျစရိတ်တွေ ပိုကုန်ကျလာပြီး ကုန်ဈေးနှုန်းကြီးမြင့်တဲ့ဒဏ်ကို ပြည်သူတွေက လက်ရှိအချိန်ထိ ခါးစည်းခံနေရတာ ဖြစ်ပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024