တရုတ်နိုင်ငံမှာ Apple ထုတ်ကုန် အိုင်ဖုန်းတွေအတွက် အဓိကပေးသွင်းသူဖြစ်တဲ့ ဖောက်စ်ကွန်ကုမ္ပဏီကို အခွန်စာရင်းနဲ့ မြေယာအသုံးပြုမှုဆိုင်ရာ စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်ခဲ့တယ်လို့ အစိုးရကျောထောက်နောက်ခံ ဂလိုဘယ်တိုင်းမ်စ် သတင်းစာမှာ ဖော်ပြပါတယ်။
ထိုင်ဝမ်ရွေးကောက်ပွဲမတိုင်ခင် လပိုင်းအလိုမှာတင် ဒီသတင်း ထွက်ပေါ်လာတာကြောင့် ဖောက်စ်ကွန်ကုမ္ပဏီရဲ့ ရှယ်ယာတွေဟာ အောက်တိုဘာ ၂၃ ရက်အတွင်း ၃ ရာခိုင်နှုန်းအထိ တန်ဖိုးကျဆင်းသွားပါတယ်။
တရုတ်နိုင်ငံရဲ့ ဖောက်စ်ကွန်အပေါ် အခွန်စစ်ဆေးမှုက ပုံမှန်ပြုလုပ်နေကျ မဟုတ်တာကြောင့် “နိုင်ငံရေးအကြောင်းပြချက်တွေ” အရ ဒီကုမ္ပဏီကို ရွေးထုတ်ပြုမူခဲ့တာ ဖြစ်နိုင်တယ်လို့ နီးစပ်မှုရှိတဲ့ သတင်းရင်းမြစ်နှစ်ဦးက ဖြေဆိုပါတယ်။
တရုတ်နိုင်ငံရဲ့ ဟန်နန်နဲ့ ဟူဘေး ပြည်နယ်တွေ အပါအဝင် တခြားနေရာတွေမှာပါ ဖောက်စ်ကွန်လုပ်ငန်းတွေရဲ့ မြေယာအသုံးပြုမှုနဲ့ ပတ်သက်ပြီး သဘာဝအရင်းအမြစ်ဌာနက ကွင်းဆင်းစုံစမ်းမှုတွေ ပြုလုပ်ခဲ့တယ်လို့လည်း သတင်းဖော်ပြထားပါတယ်။
ဖောက်စ်ကွန်ဘက်ကတော့ တရားဥပဒေအတိုင်း လိုက်နာဆောင်ရွက်မှုဟာ ကုမ္ပဏီလည်ပတ်နေတဲ့ နေရာတိုင်းအတွက် “အခြေခံအကျဆုံးသော စည်းမျဉ်းစည်းကမ်း” တခု ဖြစ်တယ်ဆိုပြီး အောက်တိုဘာ ၂၂ ရက် ထုတ်ပြန်ချက်ထဲမှာ တုံ့ပြန်ထားပါတယ်။
ဒါ့အပြင် “ဒီကုမ္ပဏီနဲ့ ဆက်စပ်မှုရှိတဲ့ အလုပ်ခွင်နဲ့ လုပ်ငန်းလည်ပတ်မှုတွေမှာလည်း သက်ဆိုင်ရာ ဌာနတွေနဲ့အတူ တက်တက်ကြွကြွ ပူးပေါင်းဆောင်ရွက်သွားမှာ ဖြစ်တယ်” လို့ ထည့်သွင်းပြောဆိုပါတယ်။ ဒီ့ထက်ပိုမိုပြီး မှတ်ချက်ပေးဖို့ကိုတော့ ကုမ္ပဏီဘက်က ငြင်းဆန်ခဲ့ပါတယ်။
Source/Photo-Reuters