စစ်အုပ်စုအတွင်း ဇာတ်တူသားစားခြင်းဆိုတာ ပထမအာဏာရှင်နေဝင်း လက်ထက်ကတည်းကမို့ သိပ်မထူးဆန်းလှ။ အာဏာကြီးသူ ဓားထက်သူက သူ့အာဏာတည်မြဲရေးအတွက် သူ့ကို ခြေဖဝါးချင်း လာတိုင်းနိုင်သူ၊ သူ့အပေါ် ရာနှုန်းပြည့် သစ္စာမခံနိုင်သူတို့အပေါ် ခုတ်ထွင်ရှင်းလင်းကြခြင်းဟာ ဓမ္မတာ။
နေဝင်း လက်ထက်တုန်းက သူနဲ့ခေတ်ပြိုင် ခြေဖဝါးချင်းလာတိုင်းနိုင်တဲ့ အောင်ကြီးတို့ မောင်မောင် တို့ကိုရှင်း။ ပြီးတော့ အစ်ကိုကြီး-ညီလေး ဆက်ဆံရေးရှိတဲ့ ဗိုလ်မှူးချုပ်အောင်ရွှေ၊ ဗိုလ်မှူးကြီးလှမော်၊ ဗိုလ်မှူးကြီးကြည်ဝင်း၊ ဗိုလ်မှူးကြီးဟောင်းတင်မောင် (စာရေးဆရာမြတ်ထန်)၊ ဗိုလ်မှူးကြီးသိန်းတုတ်….. တို့ တကြောကို ရှင်း။ အဲဒီနောက်မှာတော့ နေဝင်းဟာ ပြိုင်ဘက်မရှိ အာဏာနဲ့ သူ့စိတ်ထဲ မျက်လာတဲ့ သားတပည့်အဆင့် မျက်မှန်တင်ဦးတို့၊ သူရဦးတင်ဦးတို့ကို အလွယ်တကူ ထပ်ရှင်းကာ ပြည်သူက နိုင်ငံရေးစင်မြင့်ပေါ်ကနေ မောင်းချတဲ့ ၁၉၈၈ ခုနှစ်အထိ တလူလူ လွှင့်ခဲ့ပါတယ်။
၁၉၈၈ ခုနှစ်၊ စစ်တပ်က အာဏာသိမ်းပြီးနောက် စောမောင်က အထွတ်အထိပ်အာဏာကို ရခဲ့ပေမဲ့ သူ့အောက်က သန်းရွှေနဲ့ ခင်ညွန့်တို့ရဲ့ မဟာမိတ်ပြုမှုနဲ့ ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲပြီးရင် စစ်တန်းလျားပြန်မယ်ဆိုတဲ့ စောမောင် အရှင်းခံခဲ့ရပြန်ပါတယ်။
အဲဒီနောက်မှာတော့ ခေါင်းပေါင်းကြီးဖြစ်လာတဲ့ သန်းရွှေက သူ့အာဏာခိုင်ခံ့ရေးကို ကွမ်းလေးတမြုံ့မြုံ့ဝါးကာ သွေးအေးအေးနဲ့ ဇာတ်တူသား ထပ်စားတော့တယ်။ ပထမ ဇောင်းကြွနေတဲ့ စစ်တိုင်းမှူးတွေဖြစ်တဲ့ ထွန်းကြည်၊ ကျော်ဘ၊ မြတ်သင်း စတာတွေကို ရာထူးတိုးပေးသလိုနဲ့ အစိုးရအဖွဲ့ထဲသွင်း၊ ဝန်ကြီးရာထူးတွေပေးကာ စစ်တပ်နဲ့ အဆက်ဖြတ်။ အဲဒီဝန်ကြီးတွေ စိတ်ကြိုက် လာဘ်စားနေတာကိုလည်း မသိချင်ယောင်ဆောင် ထိုင်ကြည့်နေကာ ခင်ညွန့်နဲ့လည်း မသိမသာ ရန်တိုက်ပေးထားပုံရတယ်။ ပြီးတော့ ပိုင်လောက်ပြီဆိုတဲ့ ၁၉၉၇ ခုနှစ်၊ နိုဝင်ဘာ ၁၅ ရက်ရောက်တော့ အဲဒီဝန်ကြီးတွေပါဝင်တဲ့ နဝတ အဖွဲ့ဝင် ဒုဗိုလ်ချုပ်ကြီး ၁၃ ဦးကို ရှင်းထုတ်ပစ်ခဲ့တယ်။
နောက်ထပ် သန်းရွှေစားတာ ထပ်ခံလိုက်ရတာက ခေါင်းပေါင်းစတလူလူနဲ့ ခင်ညွန့်။ ခင်ညွန့်ရဲ့ အချုပ်အခြာအာဏာ စစ်ထောက်လှမ်းရေးတွေက တတိုင်းပြည်လုံးအနှံ့ နေရာလပ်မကျန် ဗိုလ်ကျလွန်းရုံတင်မက စစ်ထောက်လှမ်းရေးဆိုရင် စစ်တပ်ကပါ ကြောက်နေကြရတာမို့ ခင်ညွန့်အာဏာ သန်းရွှေထက် ပိုကြီးနေသလိုလို ထင်ခဲ့ကြတယ်။
စောမောင်နဲ့ ထွန်းကြည်တို့ တကြောကို ဖြုတ်ပစ်ခဲ့စဉ်က သန်းရွှေနဲ့ ခင်ညွန့်ဆိုတာ မဟာမိတ်တွေဆိုပေမဲ့ ယာယီမဟာမိတ်။ ရှင်းစရာရန်တွေ ရှင်းသွားပြီဆိုတော့ သန်းရွှေက ခင်ညွန့်ကို ပစ်မှတ်ထားတော့တယ်။ ထုံထိုင်းထိုင်းရုပ်နဲ့ သန်းရွှေက လူရည်လည်ပြီး ထောက်လှမ်းရေးပါးဝလွန်းတဲ့ ခင်ညွန့်ကို ယှဉ်နိုင်လိမ့်မယ်လို့ ဘယ်ထင်ကြမလဲ။
သန်းရွှေဟာ ကွမ်းလေးတမြုံ့မြုံ့ဝါးရင်း ဝန်ကြီးချုပ်တာဝန် ကျေပွန်စွာ ထမ်းဆောင်နိုင်ဖို့ ထောက်လှမ်းရေးအကြီးအကဲရာထူးစွန့်ဖို့ ခင်ညွန့်ကို ခေါ်ပြောတယ်။ ပြောရရင် ခင်ညွန့်ကို ရှင်းဖို့အတွက် ဓားထက်လှတဲ့ ထောက်လှမ်းရေးရာထူးကို အရင်ဖယ်ရှားဖို့ သန်းရွှေရဲ့ ကြိုးစားချက်။ အဲဒါကို ခင်ညွန့်က ရူးချင်ယောင်ဆောင်နေလေတော့ အာဏာကြီးလွန်းတယ်ဆိုတဲ့ ထောက်လှမ်းရေးအာဏာကို သန်းရွှေက အစိမ်းလိုက် မြေလှန်ပစ်လိုက်တော့တယ်။
ထောက်လှမ်းရေးမြေလှန်ပွဲကို ဦးဆောင်သူက မောင်အေးလို့ ပြောကြတယ်။ မောင်အေးက သန်းရွှေရဲ့အောက် နံပါတ် ၂ နေရာမှာ သူနဲ့အားပြိုင်နေတဲ့ ခင်ညွန့်ကို စိတ်လိုက်မာန်ပါ ရှင်းထုတ်ပစ်လိုက်ခြင်းလည်း ဖြစ်တယ်။ ဒါပေမဲ့ မောင်အေးဟာ နံပါတ်တစ်နေရာကို မျက်စောင်းတောင် မထိုးဝံ့ကြောင်း သန်းရွှေ ယုံကြည်အောင် အနေအထိုင်ကောင်းခဲ့တာကြောင့် နံပါတ်-၂ နေရာ မပျောက်၊ ရှက်ကီလေး ကစ်လိုက် ဒူးလေးနှန့်လိုက်နဲ့ နိုင်ငံရေးပင်စင်စားဘဝ ရောက်တဲ့အထိ ချောမွေ့ခဲ့တယ်။
အခု တတိယအာဏာရှင် ဖြစ်မလားဆိုပြီး ပြည်သူအသတ်ကြမ်းနေတဲ့ မင်းအောင်လှိုင်အလှည့်။ မင်းအောင်လှိုင်ပြီးတော့ နံပါတ် ၂ နေရာမှာ စိုးဝင်း။ မင်းအောင်လှိုင်နဲ့ စိုးဝင်းရဲ့ အရေးပါတဲ့ ကွဲပြားခြားနားမှုတချက်က မင်းအောင်လှိုင်က အဂတိလိုက်စားတဲ့နေရာမှာ သွားရည်တမြားမြားနဲ့ ကျော်ကြားပြီး စိုးဝင်းကတော့ အဂတိနာမည်ဆိုး မထွက်သူတယောက် ဖြစ်ခြင်းပါပဲ။ သူတို့ နှစ်ဦးရဲ့ တူညီချက်ကတော့ နိုင်ငံရေးနဲ့ စီးပွားရေးကို ကိုင်တဲ့ မင်းအောင်လှိုင် အရူးမီးဝိုင်းဖြစ်နေသလို စစ်ရေးကို ကိုင်တဲ့ စိုးဝင်းကလည်း PDF ထောင်တဲ့ မိုင်းကိုတောင် ကြောက်နေရ၊ တိုက်တိုင်းရှုံးအောင် ပြောင်ပြောင်မြောက်မြောက် တိုက်နေနိုင်ခြင်းပါပဲ။
ပြီးတော့ စိုးဝင်းဟာ မင်းအောင်လှိုင်ရဲ့ နံပါတ်တစ်နေရာကို ချောင်းနေသူတယောက် ဟုတ်၊ မဟုတ် မသိပေမဲ့ မင်းအောင်လှိုင် လက်ညှိုးညွှန်ရာ ဦးဆွေးဆံမြည့် ထမ်းရွက်နေသူတယောက် မဟုတ်ဘူးလို့တော့ ထင်ရပါတယ်။ ပြောရရင် စိုးဝင်းဟာ မောင်အေး မဟုတ်ဘူးလို့ ဆိုနိုင်လောက်ပါတယ်။
တလောက လာဘ်စားကြမ်းတဲ့ မင်းအောင်လှိုင် တပည့်ရင်း မိုးမြင့်ထွန်းနဲ့ စိုးထွဋ်အကြောင်း ဖွင့်ချလိုက်တာဟာ မင်းအောင်လှိုင် မဟုတ်တာ သေချာတဲ့အတွက် စိုးဝင်းဂိုဏ်းကပဲ ဖွင့်ချလိုက်တာလားလို့ မှန်းဆနိုင်ပါတယ်။ အဲဒီမှန်းဆချက်သာ မှန်ခဲ့ရင် မင်းအောင်လှိုင်နဲ့ စိုးဝင်းကြား အပြတ်ရှင်းပွဲကို ဆက်လက်မျှော်လင့်ရနိုင်ပါတယ်။
မင်းအောင်လှိုင် ချောင်ထိုးထားပေမဲ့ စင်ပေါ်ရောက်လာသူ နောက်တယောက်ကြောင့်လည်း မင်းအောင်လှိုင် အာရုံနောက်နေမှာ သေချာပါတယ်။ သူကတော့ မြထွန်းဦးပဲ ဖြစ်ပါတယ်။ မင်းအောင်လှိုင်သာ အာဏာမသိမ်းရင် တပ်ချုပ်အာဏာရနိုင်ခြေရှိတဲ့ မြထွန်းဦးဟာ မင်းအောင်လှိုင်က မအောင်မြင်တဲ့ အာဏာသိမ်းပွဲ စတင်လိုက်တော့ စစ်တပ်ရဲ့ ရုံးစာရေးချုပ်ရာထူးဖြစ်တဲ့ ကာကွယ်ရေးဝန်ကြီးအဖြစ် ချောင်ထိုးခံလိုက်ရတယ်။
မအောင်မြင်တဲ့ အာဏာသိမ်းပွဲ စတင်ပြီးနောက် အခု ၂၀၂၃ ခုနှစ် စက်တင်ဘာ ၂၅ ရက်အထိ စစ်ကောင်စီကို ၄ ကြိမ် ပြင်ဆင်ဖွဲ့စည်းခဲ့ရာမှာ ဗိုလ်ချုပ်ကြီးလို့ဆိုသူ မြထွန်းဦးဟာ အဖြုတ်မခံရဘဲ ဆက်တိုက်နေရာရခဲ့ပေမဲ့ မင်းအောင်လှိုင် ချောင်ထိုးထားသူတယောက်လို့သာ အကဲခတ်တွေက ရှုမြင်ကြပါတယ်။
၂၀၂၃ ခုနှစ်၊ ဩဂုတ် ၃ ရက်မှာ ကာကွယ်ရေးဝန်ကြီးအဖြစ်ကနေ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးအဖြစ် ပြောင်းရွှေ့ခန့်အပ်လိုက်တဲ့အခါမှာတော့ စစ်တပ်နဲ့ ပိုဝေးအောင် ရာထူးထပ်ချခံလိုက်ရတာလို့ပဲ အများစုက မှတ်ချက်ပေးကြပါတယ်။
မြထွန်းဦးဟာ ပို့ဆက်ဝန်ကြီးဖြစ်ပြီးနောက် စက်တင်ဘာ ၂၄ ရက်မှာ တရုတ်နိုင်ငံကို ခရီးထွက်ခဲ့ပါတယ်။ မြထွန်းဦးရဲ့ အဲဒီခရီးစဉ်ကိုလည်း အောက်တိုဘာလ၊ ပေကျင်းမှာကျင်းပတဲ့ တတိယအကြိမ် ရပ်ဝန်းနဲ့ ပိုးလမ်းမ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဖိုရမ်သို့ မင်းအောင်လှိုင် တက်ရောက်ခွင့်ရရေးအတွက် တရုတ်သို့ လွှတ်ကာ လော်ဘီသွားလုပ်ခိုင်းတယ်လို့သာ ထင်မှတ်ခဲ့ကြပါတယ်။
အောက်တိုဘာ ၁၇ ရက်နေ့ ပေကျင်းမှာ ပိုးလမ်းမဖိုရမ်ကို အကြီးအကျယ်ကျင်းပ။ နိုင်ငံပေါင်း ၁၃၀ က ထိပ်သီးခေါင်းဆောင်တွေ တက်ရောက်ပြီး မင်းအောင်လှိုင် ဖိတ်ကြားမခံရဘဲ နေပြည်တော်မှာ သိမ်ငယ်နေရတဲ့အချိန် မြထွန်းဦးက အဲဒီပွဲ တက်ရောက်ခွင့်ရတဲ့အခါကျမှ မြထွန်းဦး ဘာလဲဆိုတာ သဲကွဲလာပါတော့တယ်။
မြထွန်းဦးဟာ သန်းရွှေရဲ့လူရင်း၊ တရုတ်နဲ့လည်း ဆက်ဆံရေးကောင်းသူ ဖြစ်ပါတယ်။ ပိုးလမ်းမဖိုရမ် မင်းအောင်လှိုင် တက်ခွင့်ရရေး တရုတ်နဲ့ ညှိနှိုင်းရာမှာ တရုတ်က လက်မခံ။ မြထွန်းဦးကိုသာ လက်ခံမယ်လို့ တရုတ်က အပြတ်ပြောလိုက်တာကြောင့် ပိုးလမ်းမဖိုရမ်နဲ့ ဆီလျော်မယ့် ပို့ဆက်ဝန်ကြီးအဖြစ် မြထွန်းဦးကို ခန့်လိုက်ရခြင်းလို့ နားလည်ရပါတယ်။ ပြောရရင် ပို့ဆက်ဝန်ကြီးအဖြစ် မြထွန်းဦးကို တရုတ်က သွယ်ဝိုက်ခန့်လိုက်ခြင်းလို့ ဆိုရင်လည်း မမှားပါဘူး။
မင်းအောင်လှိုင်ဟာ သူ့ရဲ့ နိုင်ငံရေးရှေ့ခရီးအတွက် အိမ်နီးချင်း အင်အားကြီး တရုတ်ရဲ့ ထောက်ခံချက် အရေးတကြီး လိုအပ်နေပါတယ်။ ဒါပေမဲ့ မင်းအောင်လှိုင်က တရုတ်စကားကိုလည်း နားမထောင်၊ မြန်မာ့အရေးကို စားပွဲဝိုင်းပေါ်တင်ဖို့ ငြင်းဆန်ကာ စစ်ပွဲဆီသို့သာ အရောက်နှင်ခဲ့သူ ဖြစ်ပါတယ်။ ပြောရရင် မင်းအောင်လှိုင်က သူ လုပ်သမျှ နိုင်ငံတကာက ထောက်ခံဖို့သာ နိုင်ငံရေးအမြင်ကင်းမဲ့စွာ တောင်းဆိုနေသူ ဖြစ်ပါတယ်။ ဒါ့ကြောင့် တရုတ်ကလည်း နိုင်ငံရေး လူရာမသွင်းကြောင်း ပိုးလမ်းမဖိုရမ် မဖိတ်ခြင်းနဲ့ သက်သေပြခဲ့ပုံရပါတယ်။
ဒါ့အပြင် တရုတ်က မြထွန်းဦးနဲ့သာ စကားပြောမယ်၊ မြထွန်းဦးကိုသာ လူရာသွင်းမယ်လို့ ဖိုရမ်ဖိတ်ခေါ်ခြင်းနည်းနဲ့ အတိအလင်း ပြောကြားလိုက်တာလားလို့ မေးခွန်းထုတ်စရာပါပဲ။ ထပ်ပြောရရင် စစ်ကောင်စီခေါင်းဆောင်အဖြစ် မြထွန်းဦးကိုသာ အသိအမှတ်ပြုမယ်လို့ တရုတ်က ပြောကြားလိုက်တာလားလို့လည်း ထပ်တွေးရပါတော့မယ်။
သေချာတာကတော့ မြထွန်းဦးဟာ သူ့အပေါ် တရုတ် ယုံကြည်တာကို အခြေပြုကာ မင်းအောင်လှိုင်ကို ထမ်းတင်မှာမဟုတ်ပါဘူး။ ပြီးတော့ စစ်ကောင်စီ စီးပွားရေးအတွက် အရေးပါတဲ့ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်၊ ကုန်သွယ်မှုနှင့် ကုန်သွယ်စီးဆင်းမှု မြန်ဆန်လွယ်ကူစေရေး ကော်မတီနဲ့ နိုင်ငံခြားငွေ ကြီးကြပ်ရေးကော်မတီတို့ကို မြထွန်းဦး လက်ထဲ ထိုးအပ်လိုက်ရတာဟာ မင်းအောင်လှိုင်ရဲ့ စိတ်ဆန္ဒ မဖြစ်နိုင်ပါဘူး။ စိုးဝင်းရဲ့ ထောက်ခံချက်နဲ့ တရုတ်နဲ့ အဆင်ပြေနေတဲ့ မြထွန်းဦးရဲ့ ဆက်ဆံရေးကြောင့် မင်းအောင်လှိုင် ခေါင်းညိတ်လိုက်ရပုံပါ။
ဆိုတော့ စစ်အုပ်စုအတွင်း အနာဂတ်ဆိုတာကို ဘာမျှော်လင့်ချက်မှ မပေးနိုင်လို့ မင်းအောင်လှိုင်အပေါ် သူ့လူတွေ ယုံကြည်မှုကျဆင်းနေချိန် မြထွန်းဦး စင်ပေါ်ရောက်လာတာ မင်းအောင်လှိုင်အတွက် ကောင်းတဲ့လက္ခဏာမဟုတ်တာ အသေအချာပါပဲ။
ဘယ်သူက ဘယ်သူ့ကို လက်ဦးမှုယူ အပြတ်ရှင်းကြမှာလဲ။ စစ်အုပ်စုတွင်း အပြတ်ရှင်း ဇာတ်တူသားစားခြင်းဟာ မထူးဆန်းလှပါဘူး။ ဒါ့အပြင် သူတို့ချင်းကြား ခွက်စောင်းခုတ်ပွဲမှာ ပြည်သူ့အကျိုးစီးပွား ငါးပြားပင်မပါကြောင်း အတွေ့အကြုံအဆက်ဆက်က သက်သေခံနေပါတယ်။
ဘယ်လိုပဲဖြစ်ဖြစ် စစ်ခေါင်းဆောင်တွေကြား အပြတ်ရှင်းကြတာဟာ နွေဦးတော်လှန်ရေးအတွက် အကောင်းပြလက္ခဏာပါပဲ။