မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ ကင်မွန်းချောင်းကျေးရွာရှိ ကင်မွန်းချောင်းနယ်မြေရဲစခန်းကို မဟာမိတ်ပူးပေါင်းတပ်ဖွဲ့တွေ ဝင်ရောက်တိုက်ခိုက်ရာမှ တော်လှန်ရေးအင်အားစုဘက်က ရဲဘော် ၂ ဦးကျဆုံးကာ ရွာသား ၃ ဦး ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
တပ်မဟာ ၁ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)၊ PDF နဲ့ မဟာမိတ် ပူးပေါင်းတပ်တွေ ကင်မွန်းချောင်းနယ်မြေ ရဲစခန်းကို အောက်တိုဘာ ၂၂ ရက် မနက်အစောပိုင်းမှာ ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး အပြန်အလှန်ပစ်ခတ်မှု ဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။
ကျဆုံးသွားတဲ့ ရဲဘော်တွေနဲ့ နီးစပ်သူက “ရဲဘော် ၂ ယောက်က လက်နက်ကြီးထိပြီး တယောက်က ပွဲချင်းပြီး ကျသွားတာ၊ တယောက်ကတော့ အဲ့ဒဏ်ရာနဲ့ ပြန်သယ်လာခဲ့ပြီးမှ ကျသွားတယ်” လို့ ပြောပါတယ်။
၁ နာရီနီးပါးကြာ တိုက်ပွဲဖြစ်ခဲ့ပြီး စစ်ကောင်စီတပ် လက်နက်ကြီးကြောင့် ဒဏ်ရာရတဲ့ ငှက်ပျောတောရွာသား ၃ ဦးထဲက ၁ ဦးက လက်ဖြတ်လိုက်ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
အောက်တိုဘာ ၂၉ ရက် သီတင်းကျွတ်လပြည့်နေ့မှာ ကျိုက်ထီးရိုးတောင်ဖွင့်ချိန် ဖြစ်တဲ့အတွက် အခုလို တိုက်ခိုက်မှု ဖြစ်ပွားပြီးတဲ့နောက်ပိုင်း ဘုရားဖူးလာရောက်မှု နည်းမှာကို ဒေသခံတွေ စိုးရိမ်နေကြပါတယ်။
၂၀၂၂ ခုနှစ် အောက်တိုဘာလကလည်း ကင်မွန်းစခန်းကျေးရွာရှိ ကျိုက်ထီးရိုးတောင်တက် ကားဂိတ်အနီးမှာ တော်လှန်ရေးအင်အားစုတွေနဲ့ စစ်ကောင်စီတို့ အပြန်အလှန် ပစ်ခတ်ခဲ့ပြီး ဘုရားဖူး ၃ ဦး သေဆုံးခဲ့သေးပါတယ်။
ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်အပိုင် ပဲခူးရိုးမအတွင်းရှိ ဧက ၂၀၀ ကျွန်းစိုက်ခင်းအနီးမှာ အောက်တိုဘာ ၂၂ ရက် မနက် ၉ နာရီခွဲက စစ်ကောင်စီတပ်နဲ့ ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်တွေ တိုက်ပွဲတွေဖြစ်ပွားခဲ့တယ်လို့ ဒေသကာကွယ်ရေး တပ်ဖွဲ့ဝင်တွေဆီက သိရပါတယ်။
ဒေသခံ ၆ ဦးကို လူသားဒိုင်းအဖြစ် ဖမ်းဆီးခေါ်ဆောင်လာတဲ့ စစ်ကောင်စီတပ် အင်အား ၂၀ လောက်ပါ စစ်ကြောင်းကို ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက တိုက်ခိုက်ခဲ့တယ်လို့ သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂၊ တပ်ခွဲ ၅ တာဝန်ရှိသူက ပြောပါတယ်။
“တိုက်ပွဲက ၁၅ မိနစ်လောက်အကြာ ထိတွေ့ဖြစ်ပွားခဲ့တာပါ။ ဒေသကာကွယ်ရေး တပ်ဖွဲ့ဝင်ဘက်ကတော့ အထိအခိုက်မရှိဘူး။”
အဆိုပါတိုက်ပွဲအတွင်း စစ်ကောင်စီဘက်က ရဲ ၁ ဦး ဒဏ်ရာပြင်းထန်စွာ ရရှိသွားပြီးနောက် ပြန်လည်ဆုတ်ခွာသွားခဲ့တယ်လို့ ဆိုပါတယ်။
ပဲခူးတိုင်းဒေသကြီး၊ ဖြူးမြို့နယ်၊ အုတ်ဖြတ်ရွာအနီး စစ်ကောင်စီတပ် အင်အား ၅၀ လောက်နဲ့ စွဲထားတဲ့ ဂိတ်စခန်းကို ရိုးမစစ်ကြောင်း ၂ နဲ့ ပူးပေါင်းအဖွဲ့တို့ အောက်တိုဘာ ၂၂ ရက် မနက် ၈ နာရီ ၁၅ မိနစ်လောက်မှာ ဒရုန်းဗုံးသီးတလုံးနဲ့ သွားရောက်တိုက်ခိုက်ခဲ့တယ်လို့ အထူးကွန်မန်ဒိုတပ်ဖွဲ့ကနေ သိရပါတယ်။
တိုက်ခိုက်ခံရတာကြောင့် ၁ ဦးသေဆုံး၊ တပွင့်ဗိုလ် ခင်မောင်ဝင်း အပါအဝင် ၃ ဦး ဒဏ်ရာရခဲ့တယ်လို့ အထူးကွန်မန်ဒိုတပ်ဖွဲ့ တာဝန်ရှိသူက ပြောပါတယ်။
တိုက်ခိုက်ခံရအပြီး စစ်ကောင်စီဘက်က လက်နက်ငယ်တွေနဲ့ ပြန်လည်ပစ်ခတ်ခဲ့ပေမဲ့ ပြည်သူ့ကာကွယ်ရေးရဲဘော်တွေ ထိခိုက်သူမရှိဘဲ ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့ ဆိုပါတယ်။
အောက်တိုဘာ ၂၀ ရက်ကလည်း ပဲခူးတိုင်းဒေသကြီး၊ ဖြူးမြို့နယ်၊ အုတ်ဖြတ်တံတားဘေးရှိ စခန်းကို ည ၈ နာရီခွဲလောက်က ရိုးမစစ်ကြောင်း ၂ နဲ့ ပူးပေါင်းအဖွဲ့က ဒရုန်းဗုံးသီးနဲ့ သွားရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်က ၇ ဦးသေဆုံးပြီး ၄ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။
အောက်တိုဘာ ၁၉ ရက်လည်း ဖြူးမြို့နယ် လေးအိမ်စုကျေးရွာမှာ စခန်းချနေတဲ့ စစ်ကောင်စီတပ်ကို ရိုးမစစ်ကြောင်း ၂ နဲ့ ပူးပေါင်းအဖွဲ့က ဒရုန်းဗုံးနဲ့ မွန်းလွဲ ၂ နာရီ ၃၇ မိနစ်လောက်မှာ တကြိမ်နဲ့ ညနေ ၅ နာရီလောက်တကြိမ် တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်က ၄ ဦးသေဆုံးပြီး အများအပြား ဒဏ်ရာရခဲ့တယ်လို့ အထူးကွန်မန်ဒိုတပ်ဖွဲ့က သိရပါတယ်။
တိုက်ပွဲဖြစ်စဉ်တွေမှာ စစ်ကောင်စီဘက်က ထိခိုက်ကျဆုံး အခြေအနေကို ဒီဗွီဘီက သီးခြား အတည်မပြုနိုင်သေးသလို စစ်ကောင်စီကလည်း သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။