စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်မြောက်ပိုင်း၊ ချပ်သင်းတိုက်နယ် ပုဏ္ဏားကြီးကျေးရွာကို အောက်တိုဘာ ၂၁ ရက်နေ့ မနက် ၆ နာရီလောက်မှာ စစ်ကောင်စီတပ်က ဝင်ရောက်လာပြီး ပြည်သူ ၈ ဦးကို ဖမ်းဆီးရိုက်နှက်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
အဲဒီပုဏ္ဏားကြီးကျေးရွာကို ဝင်ရောက်လာတဲ့ စစ်ကြောင်းဟာ ချပ်သင်းစံပြကျေးရွာမှာ အထိုင်ချထားတဲ့ စစ်ကောင်စီတပ်နဲ့ ပျူစောထီးတွေ ဖြစ်တယ်လို့ ဆိုပါတယ်။
ဖမ်းဆီးခံရပြီး ပြန်လွတ်လာသူတဦးက “သူတို့လာပြီဆိုတာနဲ့ ရွာထဲကနေ ထွက်တော့ ပြေးတာပါပဲ။ သူတို့က ရွာအနီး မရောက်ခင် ထွက်ပြေးတဲ့သူတွေကတော့ လွတ်သွားတာပေါ့။ ကျနော်အပါအဝင် ကျန် ၇ ဦးကတော့ သူတို့အဖွဲ့တွေရဲ့ အပိတ်ခံရပြီး မိသွားတာ။ ကျနော်တို့ကို နောက်ပြန်ကြိုးတုပ်ဖမ်းပြီး ရွာထဲက ပစ္စည်းတွေလည်း ယူကာ သူတို့စခန်းကို ခေါ်သွားတယ်။”
အဖမ်းခံရတဲ့လူတွေက အသက် ၁၇ နှစ်ကနေ ၆၀ အရွယ်တွေဖြစ်တဲ့ ဦးစိန်လင်း၊ ကိုကျော်အေး၊ ကိုမြင့်လွင်၊ ကိုအောင်ခင်တင့်၊ ဦးမြင့်သောင်း၊ ကိုငွေစိုး၊ ကိုဌေးအောင်၊ မောင်ကျော်ခန့်နိုင်တို့ ဖြစ်တယ်လို့ ဆိုပါတယ်။
“သူတို့စခန်းရောက်တော့ ကျနော်တို့ကို ရိုက်နက်စစ်ဆေးတော့တာပါပဲ။ အဲလိုရိုက်နက် စစ်ဆေးရင်းရင်း မူးလဲ သတိမေ့သူကမေ့ ဖြစ်ကုန်ကြတယ်။ ကိုကျော်အေးကတော့ သူတို့ရိုက်နက်လို့ သေသွားတယ်ထင်တယ်။ သတိလစ်သွားတဲ့အချိန် တနေရာခေါ်သွားကြတယ်။ ဒီနေ့ အောက်တိုဘာ ၂၂ ရက် မနက်ခင်း ၉ နာရီလောက်ရောက်တော့ ကျနော်တို့ကို ပြန်လွှတ်ပေးတော့ သူကတော့ ပါမလာတော့ဘူး။ သေတာပဲဖြစ်ဖို့များပါတယ်။ သူတို့သယ်သွားကြကတည်းက လူကပျော့ဖတ်ပြီး ကုတ်ကျိုး၊ ဇက်ကျိုးဖြစ်နေတော့တာပါ။ ကျနော်တို့ ၇ ယောက်အဖွဲ့တောင် သူတို့နှိပ်စက်ဒဏ်ကြောင့် ရွာကိုရောက်အောင်ပြန်ခဲ့ရတယ်။ ငရဲခန်းက လွတ်လာတယ်လို့ပဲ ပြောရမယ်ဗျာ။ သူတို့ကို ကျနော်တသက် လုံဝမကျေနပ်နိုင်ဘူး။”
စစ်ကောင်စီက ရိုက်နက်တာကြောင့် အသက် ၃၅ နှစ်အရွယ် ကိုကျော်အေးရဲ့ နောက်ဆုံးအခြေအနေကိုတော့ DVB အနေနဲ့ သီးခြားအတည်မပြုနိုင်သေးပါဘူး။