Home
မြန်မာသတင်း
သီတင်းကျွတ်ပိတ်ရက်ကာလအတွင်း အထူးရထားပြေးဆွဲသွားမည်
DVB
·
October 22, 2023

လာမယ့် သီတင်းကျွတ်ပိတ်ရက်ကာလအတွင်း ရထားစီးနင်းသူတွေ အဆင်ပြေအောင် အထူးရထားခရီးစဉ်တချို့ပြေးဆွဲသွားမယ်လို့  မြန်မာ့မီးရထားဌာနကနေ သိရပါတယ်။

ပြေးဆွဲသွားမယ့် အထူးရထားခရီးစဉ်တွေအဖြစ်  ရန်ကုန်-နေပြည်တော်၊ ရန်ကုန်-မန္တလေးနဲ့ ရန်ကုန်-ပြည်ခရီးစဉ်တို့ ပြေးဆွဲသွားမှာ ဖြစ်ပါတယ်။

မီးရထားဝန်ထမ်းတဦးက "သီတင်းကျွတ် အခါကြီးရက်ကြီးမှာ ခရီးသွားအရမ်းများတော့ ခရီးသွားရ အဆင်ပြေအောင် အထူးရထားတွေ ပြေးဆွဲတာပါ။ သီတင်းကျွတ် ပိတ်ရက်အတွက် သီးသန့်ပြေးဆွဲတာပါ။ ပြီးရင်တော့ မရှိတော့ပါဘူး။ ပြေးဆွဲမယ့် အချိန်ကတော့ မီးရထားဌာနကနေ ထုတ်ပြန်ပေးပါမယ်။ လက်မှတ်ခကတော့ အရင်နှုန်းထားပါပဲ မပြောင်းလဲပါဘူး" လို့ ပြောပါတယ်။

လက်မှတ်ခတွေအနေနဲ့  ရန်ကုန်-မန္တလေး ရိုးရိုးတန်း ကျပ်  ၄၆၅၀၊ အထက်တန်း ကျပ် ၉၃၀၀၊ အိပ်စင်ကျပ် ၁၂၇၅၀၊ ရန်ကုန်-နေပြည်တော် ရိုးရိုးတန်း ကျပ် ၂၈၀၀၊ အထက်တန်း ကျပ် ၅၆၀၀နဲ့ ရန်ကုန်-ပြည် ရိုးရိုးတန်း ကျပ် ၁၉၅၀ တို့ဖြစ်ပါတယ်။

သတင်းကျွတ်လိုမျိုး ပိတ်ရက်ကြီးတွေမှာ အထူးရထားပြေးဆွဲတာဟာ ခရီးသွားတွေအတွက် အဆင်ပြေစေတယ်လို့ မီးရထားနဲ့ အမြဲခရီးသွားနေသူတဦးက ပြောပါတယ်။

"ဒီရက်တွေက ခရီးသွားဖို့ ရထားလက်မှတ်မှမဟုတ်ဘူး ကားလက်မှတ်လည်း ရဖို့မလွယ်ဘူး။ ခုလိုကာလမှာ အထူးရထားပြေးဆွဲတဲ့အတွက် ခရီးသည်တွေအတွက် အဆင်ပြေစေပါတယ်။ ဌာနဆိုင်ရာလူတွေကို ဦးစားမပေးဘဲ ပြည်သူတွေနဲ့ အတူတူရောင်းပေးရင်တော့ တော်တော်ကောင်းမှာပါ။”

အထူးရထားတွေအတွက် ရိုးရိုးတန်းရထားလက်မှတ်တွေကို သီတင်းကျွတ်ပိတ်ရက်မတိုင်မီ ၄ ရက်အလိုမှာ ရောင်းချသွားမှာ ဖြစ်ပြီး အထက်တန်းတွဲတွေနဲ့ အိပ်စင်တွေအတွက် ၂ ရက်အလိုမှာ ကြိုတင်ရောင်းချသွားမယ်လို့ မြန်မာ့မီးရထားဌာနက ထုတ်ပြန်ခဲ့ပါတယ်။

သင်္ကြန်ရုံးပိတ်ရက်မတိုင်ခင်ကာလကလည်း ရန်ကုန်-မန္တလေး၊ ရန်ကုန်-မော်လမြိုင် ၊ ရန်ကုန်-ပြည် အထူးရထားခရီးစဉ်တွေ ပြေးဆွဲခဲ့ပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013