ဧရာဝတီတိုင်း ဖျာပုံမြို့မှာ အောက်တိုဘာ ၂၀ ရက်နေ့က ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှာ ပါဝင်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ဖမ်းဆီးခံရတဲ့ လူငယ်တွေကို ဖျာပုံခရိုင်တရားရုံးက သေဒဏ်နဲ့ နှစ်ရှည်ထောင်ဒဏ်တွေ အသီးသီး ချမှတ်လိုက်ပါတယ်။
ဖျာပုံခရိုင်တရားရုံးက ရာဇသတ်ကြီးပုဒ်မ ၃၀၂ (၁)ခ နဲ့ တရားစွဲဆိုခံရတဲ့ လူငယ် ၇ ဦးကို သေဒဏ်ချမှတ်ခဲ့ပြီး အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေ ပုဒ်မ ၅၀ -က ၅၀-ဈ ၅၂ -က တို့နဲ့ တရားစွဲဆိုခံခဲ့ရတဲ့ လူငယ် ၇ ဦးကို နှစ်ရှည်ထောင်ဒဏ် အသီးသီး ချမှတ်ခဲ့တယ်လို့ တရားရုံးနဲ့ နီးစပ်သူ တွေထံက သိရပါတယ်။
ခရိုင်တရားရုံးနဲ့ နီးစပ်သူ အမျိုးသားတစ်ဦးက" ပြည်သူ့ကာကွယ်ရေးတပ်နဲ့ ပတ်သက်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ဖမ်းခံထားရတဲ့ လူငယ် ၁၄ ဦးကို အမိန့်ချတယ်။ သေဒဏ်တွေကော နှစ်ရှည်ထောင်ဒဏ်တွေကောချလိုက်တာပါ။ အမိန့်ချပြီးပြီးချင်းပဲ သူတို့အားလုံးကို ပုသိမ်ထောင် ပို့လိုက်တယ်။ ဟိုမှာ တိုက်ပိတ်ထားတယ်လို့တော့ ကြားတယ် " လို့ ပြောပါတယ်။
ဖျာပုံခရိုင်တရားရုံးက ရာဇသတ်ကြီးပုဒ်မ ၃၀၂ (၁)ခနဲ့ တရားစွဲဆိုခံခဲ့ရတဲ့ ကိုအောင်မိုးမြင့်၊ ကိုထွန်းထွန်းဦး၊ ကိုသူရဖြိုး၊ ကိုကျော်ဆန်းဦး၊ ကိုကိုအောင်၊ ကိုစံလင်းစံနဲ့ ကိုဝဏ္ဏထွန်းတို့ကို သေဒဏ်ချမှတ်ခဲ့တာပါ။
ဒါ့အပြင် ကိုရဲဇော်ထက်၊ ကိုကျော်သူရ၊ ကိုဇော်မြင့်သူ၊ ကိုကျော်ကိုကို၊ ကိုကောင်းစည်သူ ကိုဝင်းမြတ်သိန်းဇော်၊ ကိုဟိန်းသူလွင် တို့ကိုလည်း စစ်ကောင်စီ လက်အောက်ခံ ဖျာပုံခရိုင်တရားရုံးက ဥပဒေပုဒ်မ ၅၀ - က၊ ၅၀ - ဈ၊ ၅၂-က တို့နဲ့ တရားစွဲဆိုပြီး ထောင်ဒဏ် ၅နှစ် ကနေ ထောင်ဒဏ် ၅၅ နှစ်အထိ အသီးသီး နှစ်ရှည် ထောင်ဒဏ် ချမှတ်ခဲ့ပါတယ်။
စစ်ကောင်စီလက်အောက်ခံ ဖျာပုံခရိုင်တရားရုံးကနေ ပြီးခဲ့တဲ့ စက်တင်ဘာလအတွင်းမှာလည်း ဒေသခံပြည်သူ့ကာကွယ်ရေးတပ်မှာ ပါဝင်ပြီး လူသတ်မှုကျူးလွန်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ မအူပင်မြို့နယ်နဲ့ ဘိုကလေးမြို့နယ်က ဒေသခံလူငယ် ၇ ဦးကို သေဒဏ် ချမှတ်ခဲ့ပါသေးတယ်။
စစ်အာဏာသိမ်းပြီးနောက်ပိုင်း ၂၀၂၃ အောက်တိုဘာ ၂၀ ရက် အထိ မြန်မာနိုင်ငံတဝန်း သေဒဏ် အပြစ်ပေးခံရသူ ၁၅၆ ဦးအထိ ရှိခဲ့ကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP က ထုတ်ပြန်ထားပါတယ်။