လူသားချင်းစာနာမှု အကူအညီပစ္စည်းတွေ တင်ဆောင်ထားတဲ့ ပထမဆုံး ကုန်တင်ကားဟာ ပိတ်ဆို့ဝိုင်းရံခံထားရတဲ့ ဂါဇာကမ်းမြောင်နဲ့ နယ်စပ်ဖြတ်ကျော်ရာ ရာဖှာဂိတ်ကို အောက်တိုဘာ ၂၁ ရက်မှာ ဝင်ရောက်လာခဲ့ပါပြီ။
အီဂျစ်မှာ သောင်တင်နေတဲ့ လူသားချင်းစာနာမှု အကူအညီ ထရပ်ကားတွေဟာ ကယ်ဆယ်ရေးပစ္စည်းတွေ ပေးပို့ရမယ့် အခြေအနေတွေနဲ့ပတ်သက်ပြီး သံတမန်ရေးအရ ရက်အတန်ကြာ အခြေအတင်ဖြစ်ပြီးနောက်မှာ ဝိုင်းရံပိတ်ဆို့ခံထားရတဲ့ ဂါဇာကမ်းမြောင်နဲ့ ထိစပ်ထားတဲ့ ရာဖှာနယ်စပ်ကို ဖြတ်ကျော်ဝင်ရောက်လာတာပါ။
ပါလက်စတိုင်းဘက်ခြမ်းက ရာဖှာဂိတ်ဖက်မှာလည်း လိုအပ်နေတဲ့ ထောက်ပံ့ရေးပစ္စည်းတွေကို လက်ခံဖို့အတွက် ထရပ်ကားအလွတ်တွေ တန်းစီစောင့်ဆိုင်းနေပါတယ်။
လက်ခံရရှိလာမယ့် ထောက်ပံ့ရေးပစ္စည်းတွေကို ဂိုဒေါင်တွေထဲ အရင်သိမ်းဆည်းထားပြီးမှ နောက်ပိုင်းမှာ ကုလသမဂ္ဂက ပါလက်စတိုင်း လခြမ်းနီတွေဆီ ဖြန့်ဝေမှာဖြစ်ပါတယ်။
ပါလက်စတိုင်း လခြမ်းနီအဖွဲ့ တာဝန်ရှိပုဂ္ဂိုလ် မာမွဒ်အဘူအက်တာက“ကုလသမဂ္ဂနဲ့ ညှိနှိုင်းထားပြီးသား ကယ်ဆယ်ရေး ထရပ်ကား အစီး ၂၀ ကို လက်ခံဖို့ ပါလက်စတိုင်း လခြမ်းနီအသင်းလာနေပြီဖြစ်ပြီး အသင်းရဲ့ လည်ပတ်ဆောင်ရွက်ရေးနဲ့ ထောက်ပံ့ပို့ဆောင်ရေး စွမ်းရည်ကိုလည်း ကုလနဲ့ညှိနှိုင်းပြီးတော့ စေတနာ့ဝန်ထမ်းတွေ၊ မော်တော်ယာဉ်တွေကိုလည်း တိုးမြှင့်ထားတယ်”လို့ ပြောပါတယ်။
ခန်ယိုနစ်နဲ့ ရာဖှာရှိ ဂိုဒေါင်တွေဆီ နေရာခွဲဝေ သိမ်းဆည်းထားမှာဖြစ်ပြီး အစားအသောက်နဲ့ ဆေးဘက်ဆိုင်ရာ အကူအညီတွေကို ဝေငှဖြန့်ဖြူးပေးသွားမှာ ဖြစ်ကြောင်းလည်း သူက ဆိုပါတယ်။
အစ္စရေးက ထိန်းချုပ်ထားခြင်းမရှိတဲ့ ရာဖှာဟာ ဂါဇာကမ်းမြောင်ရဲ့ အဓိက အဝင်အထွက် လမ်းကြောင်းဖြစ်ပြီး ဂါဇာကမ်းမြောင် ဒေသခံ ၂ ဒသမ ၃ သန်းကို အကူအညီတွေ ပေးပို့ဖို့ ကြိုးပမ်းနေတဲ့ အဓိကလမ်းကြောင်းလည်း ဖြစ်ပါတယ်။
ကယ်ဆယ်ရေးပစ္စည်းတွေကို တင်ဆောင်လာတဲ့ ကုန်တင်ယာဉ် အစီး ၂၀ မှာ ဆေးဝါးနဲ့ ဆေးပစ္စည်း ကိရိယာတွေ၊ အစားအစာနဲ့ စည်သွတ်ဘူးတွေကို အရေအတွက် အကန့်အသတ်နဲ့ သယ်ဆောင်လာမှာဖြစ်ကြောင်း ဂါဇာကမ်းမြောင်ဒေသကို ၂၀၀၇ ခုနှစ်ကတည်းက ထိန်းချုပ်ထားခဲ့တဲ့ ဟားမတ်စ်အဖွဲ့က ပြောကြားခဲ့ပါတယ်။
Source/Photo-Reuters