စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြို့မှာ မိန်းကလေး ၂ ယောက်ကို စစ်ကောင်စီက ပစ်ခတ်လို့ ၁ ယောက် သေဆုံးခဲ့ပြီး ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်မှာ မြေစာပုံပြိုကျပြီး ရေမဆေးကျောက် ရှာဖွေသူတွေ ပျောက်ဆုံးနေပါတယ်။
ထီးချိုင့်မြို့မှာ အောက်တိုဘာ ၁၉ ရက်ညက စစ်ကောင်စီတပ်သားတွေဟာ ဒေသခံ မိန်းကလေး ၂ ယောက်ကို နဝရတ်ရပ်ကွက်ထဲမှာ ပစ်ခတ်ခဲ့တာလို့ မြို့ခံတွေက ပြောပါတယ်။
ဒေသခံ တယောက်က “သူတို့က ထီးချိုင့်မြို့အပြင် တို့ချဲ့ရပ်ကွက်တနေရာမှာ အသုပ်ဆိုင်ဖွင့် ဈေးရောင်းတာလုပ်တယ်။ ညနေ ၆ နာရီခွဲလောက် ရောက်တော့ မြို့ပြင် တနေရာကနေ စစ်သားတွေက လက်နက်နဲ့ရမ်းသန်းပစ်ခတ်တာတွေ လုပ်တော့ ကြောက်လန့်ပြီး ဆိုင်ပိတ် မြို့ထဲပြန်လာတာကို ကင်းပုန်းက လိုက်ပစ်လို့ သေဆုံးတာ။ သေတဲ့ မိန်းကလေးက အသက် ၁၉ နှစ်။ မသွန်းရတီ၊ အရပ်ထဲမှာတော့ ယူနီလို့လည်း ခေါ်ကြတယ်။ နောက်တယောက်က အသက် ၉ နှစ်အရွယ် မိန်းကလေးငယ် တယောက်ပါ။ အဲကလေးလေးကတော့ မသေဘူး။ ဆေးရုံတက်နေတယ်။ အဲကလေး အမည်ကတော့ မသိဘူး” လို့ ပြောပါတယ်။
စစ်ကောင်စီတပ်တွေကြောင့် သေဆုံးသွားတဲ့ မိန်းကလေးကို အောက်တိုဘာ ၂၀ ရက်နေ့က သင်္ဂြိုလ်လိုက်ပြီလို့လည်း ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။
ကချင်ပြည်နယ် ဖားကန့်မြို့နယ်ဦ လုံးခင်းကျေးရွာအုပ်စု၊ ဆန်ခါကျေးရွာမှာတော့ အောက်တိုဘာ ၂၀ ရက် နေ့ယ်ပိုင်းက မြေစာပုံပြိုကျခဲ့ပြီး ရေမဆေးကျောက် ရှာဖွေနေသူတွေ ပျောက်ဆုံးနေပါတယ်။
တောက်ပကြယ်ကုမ္ပဏီရဲ့ လုပ်ကွက်ဟောင်းတခုမှာ အခုရက်ပိုင်းအတွင်း ဒုတိယ အကြိမ်မြောက် မြေစာပုံပြိုကျခဲ့တာဖြစ်ပြီး ရေမဆေးရှာဖွေသူ ၅ ယောက်ထက်မနည်း ပျောက်ဆုံးနေတာလို့ ဒေသခံတွေဆီက သိရပါတယ်။
ရေမဆေးကျောက် ရှာသူတယောက်က "မြေစာပုံ ပြိုကျတဲ့နေရာက ပြီးခဲ့တဲ့ ရက်ပိုင်းတုန်းကလည်း တခါ ပြိုကျသေးတယ်။ အခု ပြိုကျတာလည်း ၅ ယောက်လောက် ပျောက်နေတယ်။ ရှာဖွေနေကြတုန်းပဲ" လို့ ပြောပါတယ်။
မြေစာပုံ ပြိုကျပြီးနောက် ရေမဆေးကျောက် ရှာဖွေသူ ၃ ယောက်ကို ဒဏ်ရာတွေနဲ့ တွေ့ခဲ့ရပြီး ၅ ယောက်လောက် ပျောက်နေတာဖြစ်ပါတယ်။
ရှာဖွေကယ်ဆယ်ရေး လုပ်ကိုင်နေသူ အမျိုးသားတယောက်က “အခု လောလောဆယ်တော့ ရေမဆေးရှာသူ ၃ ယောက်ကို ဒဏ်ရာတွေနဲ့ ပြန်တွေ့လို့ ဆေးကုသမှု ပေးနေတယ်။ ပျောက်ဆုံးနေတာ ၅ ယောက်လောက် ရှိတယ် လို့လည်း ပြောကြတယ်။ ဒီထက် ပိုများတယ်လို့လည်း ပြောနေကြတယ်။ ရှာဖွေ ကယ်ဆယ်ရေး လုပ်နေရင်းလည်း မြေစာတွေက ပြိုပြိုကျနေတာပဲ” လို့ ပြောပါတယ်။
ရှာဖွေကယ်ဆယ်ရေး ပြုလုပ်နေတုန်း မြေစာပုံ ထပ်ပြိုကျနေတဲ့အတွက် ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းတွေကို ညနေ ၅ နာရီလောက်မှာ ယာယီ ရပ်နား ခဲ့ရတာပါ။
အခု ပြိုကျခဲ့တဲ့ မြေစာပုံဟာ ပြီးခဲ့တဲ့ အောက်တိုဘာ ၁၈ ရက်နေ့ကလည်း ပြိုကျခဲ့သေးပြီး ရေမဆေးကျောက်ရှာဖွေနေသူ ကိုဆန်းကျော်လှဆိုသူ မြေစာပုံပိမိ သေဆုံးခဲ့ပြီး တခြား အမျိုးသား ၂ ယောက်လည်း ထိခိုက် ဒဏ်ရာ ရခဲ့ပါသေးတယ်။