အစ္စရေးစစ်တပ်ဟာ မြေပြင်ကျူးကျော်မှုကို စတင်တော့ဖို့ အချက်ပေး မီးစိမ်းပြနေကြောင်း အောက်တိုဘာ ၁၉ ရက်က အစ္စရေးတောင်ပိုင်းမှာပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ အစ္စရေးစီးပွားရေး ဝန်ကြီး နီယာ ဘာကတ်က ပြောပါတယ်။
အစ္စရေးရဲ့ စစ်ရေးအစီအမံတွေကိုတော့ မီဒီယာနဲ့ ဆွေးနွေးမှာ မဟုတ်ဘူး လို့လည်း ဆိုပါတယ်။
အစ္စရေးဟာ လူတိုင်းကို နက်နက်ရှိုင်းရှိုင်း ဂရုစိုက်တတ်ပြီး အစ္စရေးနိုင်ငံဟာ သူတို့ရဲ့ ဓားစာခံတွေနဲ့ သူတို့ရဲ့စစ်သားတွေကို စောင့်ရှောက်ခြင်းအတွက် အလွန်လူသိများကြောင်းလည်း နီယာဘာကတ် က ပြောပါတယ်။
တခြားနိုင်ငံတွေက မလုပ်နိုင်တဲ့အရာတွေ အများကြီးကို လုပ်သွားမှာဖြစ်ပြီး ဒါဟာ ဒီစစ်ဆင်ရေးရဲ့ ရည်မှန်းချက်တွေထဲက တခုပါ လို့ ဆိုပါတယ်။
မြေပြင်စစ်ဆင်ရေးရဲ့ အဓိကပန်းတိုင်ကတော့ ဟားမတ်စ်တွေကို မြေပုံပေါ်ကနေ ဖယ်ရှားပစ်ဖို့ ဖြစ်ကြောင်းလည်း အလေးပေးပြောကြားခဲ့ပါတယ်။
ဟားမတ်စ်တွေအနေနဲ့ အစ္စရေးဆီက သူတို့ လိုအပ်သမျှ လိုက်လျောမှုတွေ လိုချင်ရင် အရင်ဦးဆုံး ဓားစာခံတွေကို လွှတ်ပေးရမှာဖြစ်တယ်လို့လည်း ဆိုပါတယ်။
ဓားစာခံတွေအရေးကို ဟားမတ်စ်နဲ့ ညှိနှိုင်းခြင်းဟာ အားနည်းတဲ့ အနေအထားကနေ ဖြစ်လာမှာ မဟုတ်ပဲ အရမ်းအားကောင်းတဲ့ အနေအထားကနေ ဖြစ်လာမှာလို့ အစ္စရေး စီးပွားရေးဝန်ကြီးက ပြောပါတယ်။
Source/Photo-Reuters