ဟားမတ်စ်ကို ထောက်ခံသူတွေကို ဖြစ်နိုင်ရင် နိုင်ငံတွင်းမှ နှင်ထုတ်သင့်ကြောင်း ဂျာမနီပြည်ထဲရေးဝန်ကြီး နန်စီ ဖှယ်ဆာက အောက်တိုဘာ ၂၀ ရက်မှာ ပြောကြားလိုက်ပြီး အာဏာပိုင်တွေဟာ အစ္စလာမ္မစ် တိုက်ခိုက်ရေးသမား အလားအလာရှိသူတွေကို အနီးကပ် စောင့်ကြည့်နေမှာဖြစ်ကြောင်းလည်း ပြောဆိုပါတယ်။
ဟားမတ်စ်အကြမ်းဖက်မှုက သိပ်ထင်ရှားလာတဲ့အခါ ရဲတပ်ဖွဲ့က လုပ်နိုင်သမျှအားလုံးကို ချက်ချင်း ပြင်းပြင်းထန်ထန် ဝင်ပါစွက်ဖက်ဖို့ကို ထောက်ခံအားပေးကြောင်းလည်း ဆိုပါတယ်။
တရားဝင်နေထိုင်ခွင့်ပေးထားမှုတွေကိုလည်း အသုံးပြုရမှာဖြစ်ပြီး ဟားမတ်စ်ကို ထောက်ခံသူတွေ ကို မောင်းထုတ်နိုင်ရင် ဒါ လုပ်ကို လုပ်ရမှာဖြစ်တယ်လို့ ဂျာမနီပြည်ထဲရေးဝန်ကြီး နန်စီဟာ ဖက်ဒရယ် မှုခင်းရဲတပ်ဖွဲ့ရုံးမှ တာဝန်ရှိသူတွေနဲ့ ဆွေးနွေးပြီးနောက်မှာ သတင်းထောက်တွေကို ပြောကြားပါတယ်။
“ဂျာမနီနိုင်ငံမှာ လူတိုင်းဟာ သူတို့ရဲ့ ထင်မြင်ယူဆချက်တွေကို လွတ်လပ်စွာ ထုတ်ဖော် ပြောဆိုခွင့်ရှိပြီး ငြိမ်းချမ်းစွာ ဆန္ဒပြကြပါတယ်။ ဒါပေမယ့် ဂျူးဆန့်ကျင်ရေးနဲ့ အစ္စရေးဆန့်ကျင်ရေး လှုံ့ဆော်မှုတွေကို သည်းခံလို့ မရသလို အကြမ်းဖက်မှုကို သည်းခံလို့မရတဲ့ ကန့်သတ်မျဉ်းနီ ရှိပါတယ်” လို့ ဂျာမန်ပြည်ထဲရေးဝန်ကြီးက ပြောပါတယ်။
အစ္စလာမ္မစ် အကြမ်းဖက်သမားတွေဆီက ဆက်ပြီး ထွက်ပေါ်နေတဲ့ အန္တရာယ်နဲ့ ဒီအန္တရာယ်က ဘယ်လောက် ပြင်းထန်တယ်ဆိုတာကို ဒီသီတင်းပတ် ဘရပ်ဆဲလ်မှာ ဆိုးဆိုးရွားရွားပုံစံကို တွေ့ခဲ့ရပြီးပြီလို့လည်း နန်စီဖှယ်ဆာက ပြောဆိုပါတယ်။
ဒါကြောင့် အစ္စလာမ္မစ်တွေရဲ့ ခြိမ်းခြောက်မှုတွေကို ပိုပြီးအနီးကပ် စောင့်ကြည့်ဖို့၊ ရာဇ၀တ်မှုဆိုင်ရာ တရားစွဲဆိုမှုတွေကို အရှိန်မြှင့်ပြီး ခြိမ်းခြောက်မှု ဖြစ်စေမယ့်သူတွေကို တသမတ်တည်း ပြည်နှင်ဒဏ်ပေးခြင်းတွေ လုပ်ဆောင်ဖို့ အထူးအာရုံစိုက်ထားကြောင်းလည်း ဆိုပါတယ်။
ဂျာမန်လုံခြုံရေး အာဏာပိုင်တွေဟာ အစ္စလာမ္မစ် အခင်းအကျင်းကို အခုထက်ပိုပြီး အာရုံစိုက်နေပြီ လို့လည်း ပြောသွားပါတယ်။
Source/Photo-Reuters