မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်းနဲ့ ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂီလာ့ဗရော့ဗ်တို့ တွေ့ဆုံခဲ့ကြတဲ့ ဗီဒီယိုမှတ်တမ်းကို မြောက်ကိုရီးယားနိုင်ငံပိုင်ရုပ်သံ KRT မှာ အောက်တိုဘာ ၂၀ ရက်က ထုတ်လွှင့်ပြသခဲ့ပါတယ်။
အောက်တိုဘာ ၁၉ ရက်နေ့တုန်းက ပြုံယမ်းမြို့မှာပြုလုပ်ခဲ့တဲ့ ဒီတွေ့ဆုံမှုအတွင်း ကင်မ်ဟာ ရုရှားသမ္မတဗလာဒီမာပူတင်နဲ့ သဘောတူညီခဲ့တဲ့အတိုင်း ဖြည့်စွမ်းပေးသွားမှာ ဖြစ်တယ်လို့ ဆာဂီလာ့ဗရော့ဗ်ကို ကတိပြုခဲ့ပါတယ်။
စက်တင်ဘာလတုန်းက ရုရှားနိုင်ငံကို ရှားရှားပါးပါး သွားရောက်ခဲ့တဲ့ ကင်မ်ရဲ့ ထိပ်သီးအစည်းအဝေးအတွင်း ပူတင်အနေနဲ့ ပြုံယမ်းမြို့အထိ လာရောက်ဖို့အတွက် ဖိတ်ခေါ်ခဲ့တယ်လို့ နိုင်ငံပိုင်မီဒီယာမှာ ဖော်ပြထားပါတယ်။
မြောက်ကိုရီးယားနိုင်ငံရဲ့ ဂြိုလ်တုအစီအစဉ်နဲ့ ယူကရိန်းစစ်ပွဲ အပါအဝင် စစ်ဘက်ဆိုင်ရာ ပူပေါင်းဆောင်ရွက်မှုနဲ့ ပတ်သက်ပြီး ကင်မ်နဲ့ ပူတင်အကြား ဆွေးနွေးခဲ့ကြကြောင်း သိရပါတယ်။
ဒါ့အပြင် ဒေသတွင်းနဲ့ ကမ္ဘာလုံးဆိုင်ရာ ပြဿနာတွေမှာ " ခိုင်မာတဲ့ နိုင်ငံရေးနဲ့ မဟာဗျူဟာမြောက် ယုံကြည်မှု ဆက်ဆံရေး "အပေါ် အခြေခံပြီး ထိရောက်စွာ တုံ့ပြန်နိုင်ဖို့အတွက် ပူပေါင်းဆောင်ရွက်မှု မြှင့်တင်နိုင်မယ့် နည်းလမ်းတွေကို ကင်မ်နဲ့ ဆာဂီလာ့ဗရော့ဗ်တို့ ဆွေးနွေးခဲ့ကြတယ်လို့ ထုတ်ပြန်ထားပါတယ်။ ကင်မ်အတွက် ပူတင်ရဲ့ နှုတ်ဆက်မှုကိုပါ ရုရှားနိုင်ငံခြားရေးဝန်ကြီးက စကားပါးခဲ့ကြောင်း မြောက်ကိုရီးယားသတင်းမှာ ဖော်ပြထားပါတယ်။
Source/Photo-Reuters