ပဲခူးမြို့မှာ ရေကြီးလို့ ရေနစ်မြုပ်ဆုံးရှုံးခဲ့တဲ့ ငါးကန်ဧက ၂,၂၀၀ ကျော်ကို ငါးသားပေါက် ၆၆ သိန်းကျော် စိုက်ထည့်ပေးမယ်လို့ ငါးလုပ်ငန်းဦးစီးဌာနဆီကနေ သိရပါတယ်။
ပဲခူးမြို့မှာ အောက်တိုဘာ ၈ ရက်ကတည်းက မိုးသည်းထန်စွာရွာသွန်းတာကြောင့် မွေးမြူထားတဲ့ငါးကန်တွေရဲ့ ၃ ပုံ ၂ ပုံကျော်ဖြစ်တဲ့ ဧက ၂,၂၀၀ ကျော် ရေနစ်မြုပ် ပျက်စီးခဲ့ပါတယ်။
ရေနစ်မြုပ်ပျက်စီးခဲ့တဲ့ ငါးမွေးမြူရေးကန်တွေအတွက် တဧကကို ငါးသားပေါက် ၃,၀၀၀ နှုန်းနဲ့ ငါးသားပေါက် ၆၆ သိန်းကျော် စိုက်ထည့်ပေးသွားမယ်လို့ ငါးလုပ်ငန်းဦးစီးဌာန တာဝန်ရှိသူတယောက်က ပြောပါတယ်။
“တဧကကို ငါးအပေါက် ၃,၀၀၀ ထည့်ပေးသွားမှာပါ။ ငါးမွေးမြူတဲ့သူတွေ ဆုံးရှုံးမှု သက်သာအောင်လို့ပါ။ အဓိကထည့်ပေးတဲ့ ငါးတွေကတော့ ဈေးကွက်ရှိပြီး လူစားများတဲ့ ငါးမြစ်ခြင်းနဲ့ ငါးတန်။ နောက်ပြီး ငါးမုတ်၊ တီးလားဗီးယားတို့လည်း ထည့်ပေးသွားမှာပါ။ အခုလက်ရှိ ကွင်းဆင်းစစ်ဆေးပညာပေးတာနဲ့ ငါးသားပေါက် ထည့်ပေးတာပဲ ရှိသေးပါတယ်။ ကျနော်သိတာ ဒီလောက်ပါပဲ” လို့ ပြောပါတယ်။
ငါးလုပ်ငန်းဦးစီးဌာနက ငါးသားပေါက်တွေကူညီပေးပေမဲ့ အစားဈေးနှုန်းကြီးမြင့်မှုနဲ့ ငါးထုတ်ချိန် မမီတော့တာကြောင့် အခက်အခဲတွေအများကြီးရှိတယ်လို့ ပဲခူးမြို့က ငါးမွေးမြူရေးကန်ပိုင်ရှင်တယောက်က ပြောပါတယ်။
“ငါးသားပေါက်တွေ ထည့်ပေးတယ်ဆိုရင်တောင် ငါးအစာဈေးက အရမ်းမြင့်နေတော့ ဝယ်ကျွေးနိုင်ဖို့ မလွယ်တော့ဘူး။ ငါးထုတ်ချိန် တနည်း ငါးကန်ပက်တဲ့ ဧပြီလောက် ငါးက မကြီးနိုင်သေးတော့ နောက်တနှစ် ထပ်စောင့်ရမယ်။ သူတို့ထည့်ပေးလည်း ရှင်သလောက်ပဲ ဒီတိုင်းထားမှပဲ ရတော့မယ်။ အကို့ငါးကန် ၂ ဧက ရေမြုပ်တာကြောင့် အနိမ့်ဆုံး သိန်း ၃၀၀ လောက် ရှုံးသွားတယ်” လို့ ပြောပါတယ်။
ပဲခူးမြို့နယ်အတွင်းမှာ ငါးမွေးမြူရေးကန် ဧက ၃,၀၀၀ ကျော်ရှိပြီး ဧက ၂,၂၀၀ ကျော်ဟာ ရေကြီးချိန်မှာ နစ်မြုပ်ခဲ့လို့ ငါးမွေးမြူရေးလုပ်ကိုင်သူတွေအနေနဲ့ ကျပ်သန်းပေါင်း ၁၈,၀၀၀ ကျော် ဆုံးရှုံးသွားတယ်လို့ ငါးလုပ်ငန်းဦးစီးဌာနက ထုတ်ပြန်ထားပါတယ်။