ပဲခူးတိုင်း၊ ရွှေကျင်မြို့နယ်၊ ပိန်းဇလုပ်မြို့ကို ပတ်ဝန်းကျင်ရွာကဒေသခံတွေ သွားတဲ့အခါ သူတို့ရွာက အုပ်ချုပ်ရေးမှူးထောက်ခံစာပါမှ စစ်ကောင်စီဂိတ်က ဝင်ခွင့်ပေးတယ်လို့ ဒေသခံတွေက ပြောပါတယ်။
အဲဒီဒေသဟာ ကရင်အမျိုးသားအစည်းရုံး ကေအန်ယူရဲ့ တပ်မဟာ ၃ နယ်မြေဖြစ်ပြီး အခုလို မြို့ထဲဝင်ဖို့အတွက် အုပ်ချုပ်ရေးမှူးထောက်ခံစာတောင်းနေတာ ၁ လလောက် ရှိနေပြီလို့ ဆိုပါတယ်။
ဒေသခံတယောက်က “အနီးအနားရွာတွေက ပိန်းဇလုပ်မြို့ထဲ စျေးတက်ဝယ်ကြတဲ့အခါ ပိန်းဇလုပ်လမ်းခွဲကဂိတ်က ထောက်ခံစာပါမှ ဖြတ်လို့ရတာ။ တခြားရွာတွေက အုပ်ချုပ်ရေးမှူးရှိတော့ ထောက်ခံစာလုပ်ပြီး သွားလို့ရတယ်။ အတီး(ဦးလေး)တို့ဆီမှာ အုပ်ချုပ်ရေးမှူးမရှိတော့ ဘယ်အုပ်ချုပ်ရေးမှူးဆီမှာ ထောက်ခံစာသွားလုပ်ရမှာလဲ” လို့ ပြောပါတယ်။
ထောက်ခံစာကိုလည်း တရက်စာတရက်တောင်းရတာဖြစ်ပြီး အုပ်ချုပ်ရေးမှူးမရှိတဲ့ တချို့ကျေးရွာဒေသခံတွေကတော့ ပိန်းဇလုပ်မြို့ကို မသွားနိုင်ဘဲ ဆေးဝါးနဲ့ စားစရာ လိုအပ်ချက်တွေအတွက် တခြားမြို့ရွာတွေကို သွားရောက်ဝယ်ယူရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ပြီးတော့ ပိန်းဇလုပ်မြို့အဝင်အထွက်ဂိတ်မှာ စားနပ်ရိက္ခာတွေသယ်ရင်လည်း တအိမ်ထောင်စုအတွက်ပဲ သယ်ခွင့်ရလို့ ဈေးသည်တွေအတွက် အခက်အခဲကြုံရတယ်လို့ ဆိုပါတယ်။
ပိန်းဇလုပ်က ရွာဘက်တွေကို စစ်ကောင်စီတပ် ခမရ ၂၆၄ က လက်နက်ကြီးနဲ့ မကြာခဏပစ်ခတ်တာကြောင့် ရွာသားတွေနဲ့ နေအိမ်တွေ ထိခိုက်ပျက်စီးတာတွေလည်း ရှိလို့ ပိန်းဇလုပ်ရွာတွေမှာနေရဲတဲ့သူ နည်းသွားပြီး မြို့ပေါ်မှာပဲတက်နေရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
အောက်တိုဘာ ၁၇ ရက်ကလည်း ပိန်းဇလုပ်အခြေစိုက် ခမရ ၂၆၄ တပ်ရင်းကနေ ရေတွင်းကုန်းကျေးရွာထဲကို ၁၂၀ မမ လက်နက်ကြီးနဲ့ ပစ်ခတ်လို့ ရွာခံ စောခင်မောင်ဝင်းရဲ့ နေအိမ်ပျက်စီးခဲ့ပြီး သူပိုင်တဲ့ နွား ၄ ကောင် သေဆုံးခဲ့တယ်လို့ KNU က ထုတ်ပြန်ထားပါတယ်။