ကချင်ပြည်နယ်၊ မြစ်ကြီးနား-ဗန်းမော်လမ်းမပေါ်၊ နန်ဆန်ယန်ကျေးရွာနားက လိုင်လွမ့်အောင်ဂျာ တပ်စခန်းနားမှာ အောက်တိုဘာ ၂၀ ရက် ညနေ ၅ နာရီဝန်းကျင်ကစပြီး တိုက်ပွဲဖြစ်နေကြောင်း KIA ဘက်က အတည်ပြုပါတယ်။
KIO/KIA ပြောခွင့်ရသူ ဗိုလ်မှူးကြီးနော်ဘူက “နန်ဆန်ယန်၊ လိုင်လွမ့်အောင်ဂျာဘက်မှာ KIA ဘက်နဲ့ ဝင်တိုက်တဲ့တိုက်ပွဲ ဖြစ်ပါတယ်။ အခုထက်ထိ တိုက်ပွဲကတော့ ဆက်ဖြစ်နေတုန်းဖြစ်ပါတယ်။ ကျနော်လည်း သဲသဲကွဲကွဲ မသိရသေးဘူး၊ စုံစမ်းနေဆဲ ဖြစ်ပါတယ်။ တိုက်ပွဲကတော့ လေကြောင်းလည်းလာတယ်၊ လက်နက်ကြီးနဲ့လည်းပစ်တယ်” လို့ ပြောပါတယ်။
“ဒီညအတွက် မုန်လိုင်ခက်၊ ဝေကျိုင်၊ လိုင်ဇာ၊ လေကြောင်း လက်နက်ကြီး သတိပေးထားပါတယ်။”
ဒါပေမဲ့ ဒီဗွီဘီအနေနဲ့ တိုက်ပွဲဖြစ်စဉ်အသေးစိတ်ကို အတည်မပြုနိုင်သေးဘဲ ဆက်လက်စုံစမ်းနေဆဲ ဖြစ်ပါတယ်။
လိုင်လွမ့်အောင်ဂျာတပ်စခန်းကို ကချင်လွတ်လပ်ရေးတပ် (KIA) က အောင်တိုဘာ ၁၆ ရက်က သိမ်းပိုက်ခဲ့တာဖြစ်ပြီး အခု ၄ ရက်ကျော်အကြာမှာ တိုက်ပွဲတွေ ပြန်ဖြစ်လာတာပါ။
စစ်ကောင်စီတပ်တွေက KIO\KIA ဌာနချုပ် လိုင်ဇာနားက စစ်မျက်နှာတွေကို ထိန်းချုပ်နိုင်ဖို့ ထိုးစစ်ဆင်နေတာကြောင့် မြစ်ကြီးနား-ဗန်းမော် လမ်းတလျှောက်မှာလည်း ပုံမှန်ထိတွေ့တိုက်ပွဲတွေ ဖြစ်နေတာ ၃ လကျော်ဝန်းကျင်အထိ ရှိနေပြီလို့ သိရပါတယ်။