စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ ကံဇီးရွာမှာ အထိုင်ချ တပ်စွဲထားတဲ့ ရဲတပ်သား ၂ ဦး ဆိုင်ကယ်နဲ့ ရိက္ခာထွက်ရှာစဉ် တော်လှန်ရေးတပ်ဖွဲ့ဝင်တွေက ပစ်ခတ်တိုက်ခိုက်ခဲ့လို့ ၂ ဦးလုံး သေဆုံးပြီး သေနတ် ၂ လက် သိမ်းဆည်းရရှိခဲ့တယ်လို့ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေထံက သိရပါတယ်။
အောက်တိုဘာ ၁၉ ရက် မနက် ၇ နာရီလောက်မှာ ရဲတပ်သား ၂ ဦး ရိက္ခာထွက်ရှာချိန် ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့ဝင်တွေက ကြိုစောင့်ပြီး တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
မုံရွာခရိုင် အမှတ်-၅ တပ်ရင်း တာဝန်ရှိသူက “မိုင်းသွားကြည့်ရင်း တွေ့တာ။ သူတို့က ဆိုင်ကယ်နဲ့ ရိက္ခာထွက်ရှာတာ။ ကျနော်တို့က အဲဒီလမ်းကြောင်းကို ကြိုရောက်နေတာ။ နေရာတင် ၁ ကောင်သေတယ်။ ၁ ကောင်က ဆေးကုပေးနေရင်း သေသွားတာ” လို့ ဒီဗွီဘီကို ပြောပါတယ်။
ဆိုင်ကယ်နဲ့ထွက်လာတဲ့ ရဲတပ်သား ၂ ဦးကို ပစ်ခတ်တိုက်ခိုက်ရာ ၁ ဦး သေဆုံးပြီး ကျည်ထိမှန်ဒဏ်ရာတွေနဲ့ ဖမ်းဆီးလာခဲ့တဲ့ ရဲတပ်သား ၁ ဦးလည်း ဆေးကုပေးနေစဉ်မှာပဲ သေဆုံးခဲ့တာလို့ သိရပါတယ်။
အခုလို ပစ်ခတ်မှုကြောင့် ရဲတပ်ရင်း ၂၆ က တပ်သား ထွန်းကျော်စွာနဲ့ အောင်ဆန်းမြင့်တို့ သေဆုံးခဲ့ပြီး သူတို့ကိုင်ဆောင်လာတဲ့ G-3 သေနတ် ၂ လက်နဲ့ ကျည်ဆန်တွေ၊ ဓားရှည် ၁ ချောင်းနဲ့ ကျည်ဘောက်တွေလည်း သိမ်းဆည်းရရှိခဲ့တယ်လို့ မုံရွာခရိုင် အမှတ်-၅ တပ်ရင်းက သတင်းထုတ်ပြန်ထားပါတယ်။
ပစ်ခတ်တိုက်ခိုက်မှုကို မုံရွာခရိုင်တပ်ရင်း-၅၊ ၇၊ ၂၅၊ ၂၈ စတဲ့ တပ်ရင်းတွေနဲ့အတူ မီးတောက်တပ်ခွဲ-၄ တို့ ပူးပေါင်းတိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။
ချောင်းဦးမြို့နယ် ကံဇီး၊ ကင်းမွန်တော်၊ ကလပ်ကြီး ကျေးရွာ ၃ ခုမှာ စစ်ကောင်စီတပ်တွေ အထိုင်ချ နေရာယူထားပြီး အနီးပတ်ဝန်းကျင်ကျေးရွာတွေကို စစ်ကြောင်းထိုးကာ ကျေးရွာအတွင်းရှိ နေအိမ်တွေကို မီးရှို့ဖျက်ဆီးပြီး ရွာခံတွေကိုလည်း ဖမ်းစီးစစ်ဆေးတာတွေ ရှိတဲ့အတွက် ကျေးရွာ ၁၀ ရွာက ဒေသခံ ၂၀,၀၀၀ ကျော် စစ်ရှောင်နေကြရတယ်လို့ သိရပါတယ်။
Photo - မုံရွာခရိုင် အမှတ်-၅ တပ်ရင်း