ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်နဲ့ မကွေးတိုင်း၊ ဆောမြို့နယ်ကို ဆက်သွယ်ထားတဲ့ ဆော-ကန်ပက်လက် လမ်းမကြီး ပြိုကျပျက်စီးနေတဲ့ နေရာတွေကို CDF-ကန်ပက်လက် တူမီးတပ်ရင်းက ပြုပြင်ပေးနေတယ်လို့ သိရပါတယ်။
အောက်တိုဘာလ အစောပိုင်းကတည်းက မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ဆော-ကန်ပက်လက် ကားလမ်းမကြီးပေါ်မှာ ၅ နေရာလောက် ကတ္တရာပြိုကျ ပျက်စီးခဲ့တယ်လို့ သိရပါတယ်။
လမ်းပျက်စီးသွားတဲ့အတွက် အခုလမ်းကို အဓိက အသုံးပြုနေရတဲ့ ကုန်တင်ယာဉ်တွေ တပတ်ကျော် ရပ်နားခဲ့ရပြီး အရေးပေါ်လူနာတွေနဲ့ ခရီးသွားတွေအတွက် အခက်အခဲတွေ ကြုံနေရတယ်လို့ သိရပါတယ်။
“ဘတ်ဂျက်ရှိလို့တော့ ကျနော်တို့ ပြင်တာမဟုတ်ဘူး။ လမ်းပျက်နေတော့ ပြည်သူတွေ တအားဒုက္ခရောက်လို့ သူများဆီက ငွေချေးပြီး ပြုပြင်ပေးနေတာပါ” လို့ တူမီးတပ်ရင်း တပ်ရင်းမှူးက ပြောပါတယ်။
ကန်ပက်လက်မြို့ရဲ့ အဓိကထွက်ကုန်ဖြစ်တဲ့ ဝဥထွက်ရှိလာတော့မှာဖြစ်ပြီး မြေပြန့်ဒေသတွေကို တင်ပို့ရောင်းချရ အဆင်ပြေအောင် CDF-ကန်ပက်လက် တူမီးတပ်ရင်းက လမ်းကို ပြန်လည်ပြုပြင်နေတာ ဖြစ်ပါတယ်။
ဆော-ကန်ပက်လက် လမ်းမကြီး ပျက်စီးနေတဲ့အတွက် ကုန်စည်စီးဆင်းဖို့ တောလမ်းတွေကိုသာ အသုံးပြုနေရပြီး ကန်ပက်လက်မြို့မှာ ကုန်စျေးနှုန်းတွေလည်း မြင့်တက်နေတယ်လို့ သိရပါတယ်။
အောက်တိုဘာ ၁၉ ရက်က စတင်ပြီး ဆော-ကန်ပက်လက် လမ်းမကြီးကို အသုံးပြုနေတဲ့ မိဘပြည်သူတွေအနေနဲ့ အရင်အတိုင်း ပြန်လည်အသုံးပြုနိုင်ပြီလို့ တူမီးတပ်ရင်းထံက သိရပါတယ်။