Home
မြန်မာသတင်း
ရွှေတိဂုံအနောက်ဘက်မုခ်နှင့် ပြည်သူ့ရင်ပြင်ကြားတွင် မြေအောက်လမ်းကူးလူသွားဥမင်  တည်ဆောက်မည်
DVB
·
October 20, 2023

ရန်ကုန်တိုင်း၊ ဒဂုံမြို့နယ်၊ ဦးဝိစာရလမ်း ရွှေတိဂုံစေတီအနောက်ဘက်မုခ်နဲ့ ပြည်သူ့ရင်ပြင်အကြားမှာ မြေအောက်လမ်းကူးလူသွားဥမင် တည်‌ဆောက်သွားဖို့ ပြင်ဆင်နေတယ်လို့ စစ်ကောင်စီရဲ့ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီက ထုတ်ပြန်ပါတယ်။

အဲဒီ မြေအောက်လမ်းကူး လူသွားဥမင် တည်ဆောက်ဖို့အတွက် မြေသန့်မင်္ဂလာ အခမ်းအနားကို စစ်ကောင်စီခန့် ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဆောင်ပြီး အောက်တိုဘာ ၁၉ ရက်က ကျင်းပခဲ့တာ ဖြစ်ပါတယ်။

မြေအောက်လမ်းကူး လူသွားဥမင်ကို ရွှေတိဂုံစေတီတော်နဲ့ ပြည်သူ့ရင်ပြင်ကို ပြည်သူတွေ သွားလာရာမှာ ယာဉ်အန္တရာယ်ကင်းရှင်းစေဖို့၊ သက်သောင့်သက်သာ ဖြတ်သန်းသွားလာနိုင်ဖို့နဲ့ ခေတ်မီအခြေခံအဆောက်အဦတခု ထပ်မံပေါ်ပေါက်လာစေဖို့ ရည်ရွယ်တည်ဆောက်တာလို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

တည်ဆောက်မယ့် ဥမင်လူသွားလမ်းဟာ အကျယ် ၂၃ ပေ၊ အလျား ၄၆၁ ပေ ၉ လက်မ၊ ဝင်ထွက်ပေါက် ၄ ခု၊ ရွေ့လျားစက်လှေကား ၄ စင်း၊ မသန်စွမ်းသူတွေ အသုံးပြုဖို့ ဓာတ်လှေကား ၁၀ ယောက်စီး နှစ်စင်းနဲ့ စီမံကိန်းကာလမှာ ၁၄ လခန့် ကြာမြင့်မယ်လို့ ဆိုပါတယ်။

ရန်ကုန်မြို့မှာ ပထမဆုံး မြေအောက်ဥမင်လူသွားလမ်းကို ပြီးခဲ့တဲ့ NLD အစိုးရလက်ထက်က ကမာရွတ်မြို့နယ်၊ ​ပြည်လမ်း၊ စိုက်ပျိုးရေးမှတ်တိုင်မှာ ပထမဆုံး ဆောက်လုပ်ခဲ့ပြီး အခု ဒုတိယမြောက် တည်ဆောက်တာဖြစ်ပါတယ်။

ကမာရွတ်မြို့နယ်ရှိ မြေအောက်ဥမင်လူသွားလမ်းကို အာဏာသိမ်းပြီး ၂၀၂၁ မှာပဲ ဖွင့်လှစ်နိုင်ခဲ့ပေမဲ့ လုံခြုံရေးအကြောင်းပြချက်နဲ့ အခုအချိန်အထိ အများပြည်သူကို အသုံးပြုခွင့်မပေးဘဲ စစ်ကောင်စီတပ်တွေ စခန်းချ အသုံးပြုနေပါတယ်။

အဲဒီလို ပထမတည်ဆောက်ဖွင့်လှစ်ပြီးဖြစ်တဲ့ မြေအောက်ဥမင်ကို ပိတ်ထားပြီး နောက်တခု တည်ဆောက်ဖို့ စစ်ကောင်စီက လုပ်ဆောင်တဲ့အပေါ် ဝေဖန်မှုတွေလည်း ရှိနေပါတယ်။

ရန်ကုန်မြို့တော်စည်ပင်အရာရှိဟောင်းတဦးက “တကယ်အသုံးဝင်မဝင်တော့ မသိဘူး၊ စီမံကိန်းတခုတော့ လက်သိပ်ထိုး လုပ်ခွင့်ရသွားမှာတော့ သေချာတယ်။ ပထမဟာတောင် ပေးမသုံးဘဲ နောက်တခုဆောက်တယ်ဆိုတာက ဘာရည်ရွယ်ချက်ဆိုတာလည်း ပေါ်နေတာပဲ” လို့ ပြောပါတယ်။

အဲဒီ မြေအောက်ဥမင်ကို ငွေဘယ်လောက်အကုန်ကျခံပြီး ဘယ်ကုမ္ပဏီက တည်ဆောက်သွားမယ် ဆိုတာကိုတော့ ရှင်းရှင်းလင်းလင်း ထုတ်ပြန်တာ မရှိသေးပါဘူး။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024