ယာဉ်တိုက်မှုမဖြစ်ရလေအောင် ရန်ကုန်မြို့အတွင်းရှိ လမ်းဘေးဝဲယာနှစ်ဖက်မှာ ရပ်နားထားတဲ့ တွဲကားတွေကို ယာဥ်မောင်းထံ ခွင့်ပြုချက်တောင်းပြီး ရောင်ပြန်စတစ်ကာတွေ အခမဲ့ ကပ်ပေးသွားဖို့ ပြည်သူ့ကယ်ဆယ်ရေး People Rescue အဖွဲ့က စီစဉ်နေပါတယ်။
People Rescue အဖွဲ့မှ ဦးမောင်က “ကျနော်တို့အဖွဲ့က ရောင်ပြန်တွေဝယ်ပြီး ရောင်ပြန်မပါတဲ့ တွဲကားတွေတွေ့ရင် ခွင့်တောင်းပြီး ကပ်ပေးမယ်။ ရောင်ပြန်မကပ်ထားတဲ့ တွဲကားတွေ အများစုက ညပိုင်းမှာ အနောက်က ဝင်တိုက်မိတဲ့အတွက် ယာဥ်တိုက်မှုတွေ မကြာခဏဖြစ်နေတာ တွေ့ရတယ်။ ရည်ရွယ်ချက်က ဒီလိုဖြစ်စဥ်တွေ ထပ်မဖြစ်အောင်လို့ပါ” လို့ ပြောပါတယ်။
အခုလ ၁၆ ရက် ညပိုင်းက ပရဟိတ လူနာတင်ယာဥ်တစီး အရေးပေါ် အနီရောင်အဆင့်ရှိတဲ့ လူနာတဦးကို ပို့ဆောင်စဥ်မှာ လမ်းဖြတ်ကူးသူကို တိမ်းရှောင်ရင်း တွဲကားကိုတိုက်မိကာ လူနှစ်ဦးသေဆုံးရတဲ့ ဖြစ်စဥ် ရှိခဲ့ပါတယ်။
ရန်ကုန်မြို့တွင်းမှာ ရောင်ပြန်စတစ်ကာ မကပ်ထားတဲ့ တွဲကားတွေကို ညပိုင်းမှာ နောက်ဘက်ကဝင်တိုက်မိတဲ့ ဖြစ်စဉ်မျိုး ဆက်လက်မဖြစ်ပွားစေဖို့အတွက် အခုလို စီစဉ်ဆောင်ရွက်တာဖြစ်ကြောင်း သိရပါတယ်။